မြေဆီလွှာ၏ ဇီဝဂုဏ်သတ္တိဆိုသည်မှာ မြေကြီးအတွင်း သက်ရှိများ များပြားစွာနှင့် မျိုးစိတ်မျိုးစုံ ကွဲပြားစွာ ရှင်သန်နေထိုင်နိုင်ခြင်းနှင့် ထိုသက်ရှိများ၏ လုပ်ဆောင်ချက်များကို ဆိုလိုပါသည်။ ၎င်းသက်ရှိများ၏ လုပ်ဆောင်မှုများသည် မြေဆီလွှာအတွင်း အကျိုးပြုလုပ်ငန်းများဖြစ်သော အော်ဂဲနစ်ပစ္စည်းများ ဆွေးမြေ့ခြင်း၊ အာဟာရစက်ဝန်း လည်ပတ်ခြင်း၊ ရောဂါကျရောက်မှုကို တားဆီးပေးခြင်းနှင့် မြေသားတည်ဆောက်ပုံ ကောင်းမွန်စေခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ မြေကြီး၏ ဇီဝဂုဏ်သတ္တိများသည် ကျန်းမာသော မြေဆီလွှာဖြစ်စေရန် များစွာ အထောက်အကူဖြစ်စေပါသည်။

မြေကြီး ဆွေးမြေ့ခြင်း

– ကာဗွန်ဒြပ်ပေါင်းများပါဝင်သည့် အော်ဂဲနစ်ပစ္စည်းများ (ဥပမာ – အရွက်၊ ပင်စည် အကြွင်းအကျန် များ) ကို ရိုးရှင်းသော သကြားဓာတ်ပုံစံများအဖြစ်သို့ ပြိုကွဲစေခြင်း။
– မြေဆီလွှာအတွင်း ရေရှည်တည်တံ့သော အော်ဂဲနစ်ပစ္စည်းများ (Humus) ဖြစ်ပေါ်လာစေရန် ပါဝင်ဆောင်ရွက်ပေးခြင်း။
– မြေကြီးအတွင်းရှိ အဏုဇီဝသက်ရှိများအတွက် အာဟာရ (အစားအစာ) ဖြစ်စေခြင်း။
– အဏုဇီဝသက်ရှိများသည် အော်ဂဲနစ်ပစ္စည်းများတွင် ပါဝင်သော နိုက်ထရိုဂျင်နှင့် ဖော့စဖရပ် အာဟာရဓာတ်များကို အပင်မှတိုက်ရိုက်စုပ်ယူစားသုံးနိုင်သည့်ပုံစံ (Inorganic form) သို့ ပြောင်းလဲပေးခြင်း။

မြေလုံးခဲများဖြစ်စေခြင်း

-မှိုမျှင်အစုအဖွဲ့များသည် ကော်ကဲ့သို့သော ဒြပ်ပေါင်းများထုတ်လွှတ်ပြီး မြေမှုန်လေးများကို စုစည်းတွယ်ကပ်စေပါသည်။
-ထိုသို့ မြေမှုန်လေးများ တွယ်ကပ်ခြင်းကြောင့် ခိုင်မာသော မြေသားတည်ဆောက်ပုံ (Soil Structure) ကို ဖြစ်ပေါ်စေကာ ရေနှင့် အပင်အာဟာရဓာတ်များကို ပိုမိုထိရောက်စွာ ထိန်းသိမ်းစုပ်ယူနိုင်စေပါသည်။
-အချို့သော အဏုဇီဝသက်ရှိများနှင့် သတ္တဝါများ (ဥပမာ – မှိုများ၊ တီကောင်များ) သည် မြေကြီးအတွင်း သေးငယ်သော အပေါက်လေးများ (Pores) ကို ဖောက်လုပ်ကြပါသည်။
-၎င်းကြီးမားသော အပေါက်များနှင့် သေးငယ်သော အပေါက်လေးများက မြေဆီလွှာအတွင်း ရေကို ထိန်းသိမ်းပေးခြင်းနှင့် လေလဲလှယ်မှု (Aeration) ကို ပိုမိုကောင်းမွန်စေခြင်းတို့တွင် များစွာအထောက်အကူပြုပါသည်။

ရောဂါများကို ဖိနှိပ်ထားနိုင်ခြင်း

• ဇီဝသက်ရှိများဖြင့် ကြွယ်ဝသော ကျန်းမာသောမြေကြီးသည် အကျိုးပြုသက်ရှိများ ရှင်သန်နိုင်အောင် အားပေးပြီး အပင်ရောဂါဖြစ်စေသည့် သက်ရှိများကို ထိန်းချုပ်နိုင်ပါသည်။
• အချို့သောအဏုဇီဝသက်ရှိများသည် အပင်တောင့်တင်းခိုင်မာမှုကို အားပေးပြီး အပင်ရောဂါ ကျရောက်မှုကို တားဆီးပေးနိုင်ပါသည်။
• မြေကြီးတွင် နေထိုင်သော သက်ရှိများသည် ရောဂါဖြစ်စေသော သက်ရှိများ ပါဝင်သည့် ပင်ကြွင်းပင်ကျန်များကိုလည်း ဆွေးမြေ့စေပါသည်။

မြေကြီး၏ ဇီဝဂုဏ်သတ္တိကို အောက်ဖော်ပြပါ အချက်များကို အသုံးပြု၍ တိုင်းတာခြင်းအားဖြင့် ဆုံးဖြတ်နိုင်ပါသည်။

-ဇီဝသက်ရှိများ၏ ပြန်လည်အသစ်ဖြစ်နိုင်သော ကာဗွန်နှင့် နိုက်ထရိုဂျင်ပမာဏ

ဇီဝသက်ရှိဆဲလ်များတွင် သိုလှောင်ထားသော တိုင်းတာ၍ရသည့် ကာဗွန်နှင့် နိုက်ထရိုဂျင် ပမာဏသည် မြေကြီးတွင်းရှိသော ဇီဝသက်ရှိအဖွဲ့အစည်းနှင့် ၎င်းတို့ သိုလှောင်ထားသော အာဟာရများကို ညွှန်းဆိုပါသည်။

-မြေကြီး အသက်ရှူခြင်းနှုန်း

မြေကြီးတွင်း နေထိုင်သော အဏုဇီဝသက်ရှိများ၏ ဇီဝလုပ်ဆောင်ချက်များနှင့် ဆွေးမြေ့သည့်နှုန်းကို ညွှန်းဆိုသည့် မြေကြီးအသက်ရှူနှုန်းသည် မြေကြီးမှ ထွက်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါသည်။

-အင်ဇိုင်းများ၏ လုပ်ဆောင်မှုများ

သီးသန့်အင်ဇိုင်းများဖြစ်သည့် Urease, phosphates နှင့် Catalase များသည် အပင်အာဟာရ စက်ဝန်းအတွက် အလားအလာရှိမှုကို ပြသပေးပါသည်။

-မြေကြီးဇီဝကွဲပြားမှုနှင့် သက်ရှိများ

မြေဆီလွှာ တည်ဆောက်မှုနှင့် မြေဆီလွှာ ကျန်းမာခြင်းကို ဖြစ်စေသော တီကောင်များ၊ ပင့်ကူများနှင့် နီမတိုဒ်ကဲ့သို့သော သက်ရှိများ မြေကြီးတွင်း ပေါများစွာနှင့် မျိုးကွဲများစွာ ရှိနေခြင်းအားဖြင့် တိုင်းတာနိုင်ပါသည်။

-အလုပ်လုပ်ဆောင်နိုင်သော အဏုဇီဝအဖွဲ့များ

နိုက်ထရိုဂျင် ဖမ်းစုပ်ပေးနိုင်သော (သို့မဟုတ်) ဆွေးမြေ့မှုကို ဖြစ်စေသော ဘက်တီးရီးယား အချိုးသည် သီးသန့် ဇီဝကမ္မဖြစ်စဉ်များနှင့် ပါဝင်ဖွဲ့စည်းခြင်းကို တိုင်းတာခြင်းအားဖြင့်လည်း သိရှိနိုင်ပါသည်။