စိုက်ပျိုးမြေဆီလွှာ
စိုက်ပျိုးရေးလုပ်ငန်းဟုဆိုလျှင် နံပါတ်(၁)အဓိက အရေးကြီးဆုံးသည် “မြေ” ဟု ပင်ဆိုချင်ပါသည်။ မြေဆီလွှာဆိုသည်မှာ ကမ္ဘာ့အပေါ်ယံ မြေလွှာပါးလေးဖြစ်သည်။
သီးနှံစိုက်ပျိုးဖြစ်ထွန်းရန် အခြေခံကျ အရေးကြီးသော စိုက်ပျိုးမြေဆီလွှာ ဖြစ်ပေါ်လာရန် နှစ်ပေါင်း များစွာ ကြာမြင့်ကြောင်း ပညာရှင်ကြီးများမှ ဖော်ပြခဲ့ကြပါသည်။
ထိုသို့ နှစ်ပေါင်းများစွာကြာမြင့်ပြီး ခက်ခက်ခဲခဲဖြစ်ပေါ်လာရသော မြေဆီလွှာ၏တန်ဘိုးမှာ တန်ဘိုး ဖြတ်၍မရနိုင်ပါ။ လူသားအားလုံးအတွက် အစားထိုးမရနိုင်သော သဘာဝအရင်းအမြစ်ကြီးပင်ဖြစ်သည်။ မြေဆီလွှာဖြစ်ပေါ်ရန် ခဲယဥ်းကြာမြင့်သော်လည်း သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု၊ လူသားတို့၏မသိ နားမလည်မှု၊ ပြုပြင်ထိန်းသိမ်းမှု မရှိခြင်းတို့ကြောင့် အချိန်အနည်းငယ် အတွင်းမှာပင် လျှင်မြန်စွာပျက်စီးဆုံး ရှုံး သွားနိုင်သည်ကို သတိပြုရန် လိုပါသည်။
မြေဆီလွှာကို ဖျက်ဆီးခြင်းသည် လောကကြီးကို ဖျက်ဆီးခြင်းပင် ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ မြေဆီလွှာကို အသက်ရှူနေသောသက်ရှိဟု ယူဆသတ်မှတ်ထားပါသည်။ မြေထဲတွင် သတ္ထုဓာတ်၊ သစ်ဆွေး ဓာတ်များ (သီးနှံပင်အကြွင်းအကျန် အစိတ်အပိုင်းများ၊ သက်ရှိသတ္တဝါ အညစ်အကြေးများ၊ စွန့်ပစ်ပစ္စည်း များ၊ ရုပ်ကြွင်းများ) လေပေါက် ရေပေါက်များဖြင့် စနစ်တကျ ဖွဲ့စည်းထားပါသည်။
လူတို့ အသက်ရှင်ရန် မရှိမဖြစ်လိုအပ်သော ရေအရင်းအမြစ်ကြီးလည်း ဖြစ်ပါသည်။ ထိုသို့ အရေးကြီးလှသောမြေဆီလွှာကို လူသားအားလုံး ချစ်ခင်မြတ်နိုး တန်ဘိုးထားဖို့ လိုအပ်ပါသည်။
စိုက်ပျိုးနိုင်သော မြေဆီလွှာအရည်သွေးကို မြေကြီးရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ နှင့် ဇီဝဂုဏ်သတ္တိဟူ၍ အပိုင်း (၃) ပိုင်းဖြင့် ခွဲခြားလေ့လာနိုင်ပါသည်။ ထို့အတူ မြေဆီလွှာ ကောင်းမကောင်း ကိုလည်း ထိုအချက်များကို အခြေခံ၍ လေ့လာနိုင်ပါသည်။
မြေဆီလွှာ၏ သဘောတရားကို သိရှိနားလည်ပြီး စနစ်တကျ မြေဆီလွှာကို ထိန်းသိမ်းခြင်း၊ ဓာတ်မြေ သြဇာ၊ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများ စနစ်တကျ ထည့်သွင်းပေးခြင်း တို့ပြုလုပ်၍ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။