စိုက်ပျိုးမြေတစ်ခုတွင် မြေမှုန်လေးများအကြားရှိအပေါက်လေးများသည် ရေ နှင့် လေကို ထိန်းထားပေးနိုင်သော နေရာများဖြစ်သည်။ အပေါက်လေးများ၏ အရွယ်အစားနှင့်ပမာဏသည် လေနှင့် ရေတို့၏ ရွေ့လျားနိုင်မှု၊ သီးနှံပင်ကြီးထွားစေရန်အတွက် အာဟာရ ရရှိနိုင်စွမ်းတို့အတွက် လွှမ်းမိုးနေသော အရေးကြီး ရုပ်ဂုဏ်သတ္တိတစ်ခုဖြစ်ပါသည်။

မြေဆီလွှာတွင် မြေမှုန်လေးများ (သဲ၊ နှုန်း၊ မြေစေး) တို့၏ပါဝင်မှုအရ မြေသား၏ အနု၊ အကြမ်းကို ဖြစ်စေသည်။ မြေဆီလွှာအမျိုးအစားအလိုက် မြေဆီလွှာအတွင်းရှိ အပေါက်လေးများ သည် ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး၊ ဦးတည်ရာအမျိုးမျိုးဖြင့် ပျံ့နှံ့တည်ရှိနေကြသည်။ ထို့ကြောင့် အပေါက်လေးများ၏ အရွယ်အစား၊ ပမာဏ နှင့်ထုထည်တို့ကွဲပြားသွားကြပြီး ဂုဏ်သတ္တိ တို့လည်း ကွာခြားသွားစေသည်။

စိုက်ပျိုးမြေအတွင်းရှိ အပေါက်များထဲတွင် ပုံမှန်အားဖြင့် လေ၊ ရေနှင့် အပင်၏ရှင်သန် နေသော အမြစ်များ နေရာယူတည်ရှိနေသည်။ မြေတွင်းအပေါက်လေးများ၏ ပမာဏ အနည်း အများသည် ရွာသွန်းသည့် မိုးရေချိန်၊ အပေါက်ငယ်လေးများ အကြားယိုစိမ့် စီးဆင်းနိုင်မှု၊ အပင်အငွေ့ပျံမှု၊ မြေငွေ့ပျံမှုတို့နှင့် ဆက်စပ်နေသည်။

သီးနှံစိုက်ပျိုးသောမြေတစ်ခုတွင် မြေတွင်းအဏုဇီဝသက်ရှိများ နေထိုင် လှုပ်ရှားလုပ်ဆောင် နိုင်ရန်၊ လေဝင်လေထွက်ကောင်းစေရန်၊ ရေထိန်းနိုင်စွမ်းအားကောင်းစေရန်နှင့် ရေစိမ့်ဆင်းမှုကို ကောင်းစေခြင်း၊ မြေဆီလွှာတိုက်စားမှုကို ခံနိုင်ရည်ရှိစေခြင်း၊ သီးနှံပင်၏အမြစ်များ ထိုးဖောက် နိုင်စွမ်း ကောင်းစေခြင်း၊ အာဟာရတို့ကို သီးနှံပင်အလွယ်တကူရစေရန်အတွက် မြေဆီလွှာအတွင်း လေနှင့်ရေ ပေါက်များပါဝင်မှုသည် အရေးကြီးသောအချက်ဖြစ်သည်။

မြေမှုန်လေးများ (သဲ၊ နှုန်း၊ မြေစေး)၏ ပါဝင်နေသောအစီအစဥ်ကို လိုက်၍ မြေစိုင်ခဲဖွဲ့စည်းမှု အကြားတွင် အပေါက်အရွယ်အစား အကြီး/အသေးတို့ကို ဖြစ်ပေါ်စေသည်။ သေးငယ်သော အပေါက်ငယ်လေးများသည် အပေါက်ကြီးများထက် မြေအစိုဓာတ်ကို ထိန်းအားပိုကောင်းစေသည်။ အပေါက်အရွယ်အစားကြီးပါက ရွာသွန်းသောမိုးရေနှင့် သွင်းရေတို့ကို လျင်မြန်စွာစီးဆင်းသွားစေ၍ အစိုဓာတ်ထိန်းနိုင်အား လျော့နည်းစေသည်။





မြေသား အနု/အကြမ်း၊ မြေသားတည်ဆောက်မှု၊ မြေကြပ်ခြင်းတို့ကြောင့် မြေတွင်း အပေါက် လေးများ ပါဝင်နေမှုအပေါ် သက်ရောက်လွှမ်းမိုးသည်။ စိုက်ပျိုးမြေအပေါ်သို့ ဖိအားကို ဖြစ်စေသော စက်ယန္တရားများဖြင့် ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်း၊ သယ်ဆောင်ခြင်းစသည် တို့ကြောင့်လည်း မြေအတွင်းရှိ အပေါက်လေးများ၏ နေရာကို လျော့နည်းစေပြီး ထွန်ယက်ရန် ခက်ခဲသော မြေကြပ် ခြင်းကို ဖြစ်ပေါ်စေပါသည်။

စိုက်ပျိုးမြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာဂုဏ် သတ္တိတစ်ခု ဖြစ်သော /လေအပေါက်လေးများ သည် အခြားသော မြေသားအနု/အကြမ်း၊ မြေသားဖွဲ့စည်းမှု၊မြေကြပ်ခြင်းစသည့် တို့ဖြင့်လည်း ဆက်စပ်နေ၍ စိုက်ပျိုးမြေဆီလွှာ၏ ရေရှည်တည်တံ့ကောင်းမွန်စေရေး၊ သီးနှံပင်ကြီးထွား ဖြစ်ထွန်းရေးတို့ အပေါ်တွင် လွှမ်းမိုးသည့် အရေးကြီးသောဂုဏ်သတ္တိဖြစ်ပါသည်။

သဲမှုန်သည်အရွယ်အစား ကြီးခြင်း၊ စေးကပ်မှု မရှိခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ရေနှင့်လေတို့ ရွေ့လျားမှုမြန်စေခြင်း၊ ရေနှင့်အာဟာရတို့ ထိမ်းနိုင်မှုနည်းခြင်းတို့ကြောင့် ရေလိုအပ် ချက်နည်းသောသီးနှံကို စိုက်ပျိုးသင့်သည်။ (သဲမှုန်အရွယ်အစား ၂.၀၀_၀.၀၅ မီလီမီတာ) နုန်းမှုန် သည် အရွယ်အစား အလယ်အလတ်ရှိပြီး စေးကပ်မှုမရှိခြင်း၊ သဲနှင့်မြေစေးတို့အကြား အရွယ် အစားနှင့်  ကြားဂုဏ်သတ္တိရှိခြင်း၊ ရေထိမ်းနိုင်ပြီး ဖြည်းဖြည်းချင်းစီးဆင်းစေခြင်းတို့ကြောင့် စံပြမြေ ဖြစ်စေသည်။ (နုန်းမှုန်အရွယ်အစား  ၀.၀၅_၀.၀၀၂ မီလီမီတာ)

မြေစေးမှုန်သည် အရွယ်အစားသေးငယ်ခြင်း၊ စေးကပ်ခြင်း၊ ‌ရေနှင့်လေတို့ မြေထဲတွင် ရွေ့လျား မှုနှေးခြင်း၊ စိုနေလျှင် ကျယ်ပြန့်ပြီးခြောက်သွေ့လျှင် ရှုံ့၍အက်ကွဲခြင်း၊ လေပေါက် သေးငယ်၍ ရေထိမ်း အားကောင်းခြင်း၊ အာဟာရ ထိမ်းအားကောင်းခြင်း၊ လေဝင်လေထွက်ကို ညံ့စေသည်။ စေးကပ်ခြင်းကြောင့် မြေပြုပြင်ရခက်ခဲစေသည်။ (မြေစေးမှုန်အရွယ်အစား  ၀.၀၀၂ မီလီမီတာ ထက်သေးငယ်) မြေဆီလွှာတွင် ပါဝင်သောသဲ၊ နုန်း၊ မြေစေးတို့ ပေါင်းစပ်ဖွဲ့စည်းမှုအရ မြေသားအနု/အကြမ်း (Soil Texture)နှင့် ဂုဏ်သတ္တိများကွဲပြားသွားသည်။