မြေသားအနုအကြမ်းသည် သဲ၊ နှုန်းနှင့် ‌ရွံ့စေး ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ မြေသားအနုအကြမ်း အမျိုးစားသည် ထို (၃) မျိုးပါဝင်မှုအပေါ် မူတည်၍ ခွဲခြားနိုင်ပါသည်။ မြေသားအနုဆုံးသောမြေကို ရွံ့စေးမြေ ဟုခေါပြီး အကြမ်းဆုံးသော မြေကို သဲမြေဟုခေါ်ပါသည်။ သဲ၊ နုန်း နှင့် ရွံ့စေး မျှတစွာပါဝင်သော မြေကို နှုန်းမြေဟု ခေါ်ပါသည်။ ထို (၃) မျိုးပါဝင်သည့် ရာခိုင်းနှုန်းပေါ် မူတည်၍ မြေအမျိုးစားများစွာ ခွဲခြားနိုင်ပါသည်။

မြေမှုန်လေးများအားလုံး၏ အရွယ်စားသည် ၂ မီလီမီတာအောက် သေးငယ်တာကို တွေ့ရပါသည်။ မြေမှုန်အရွယ်စားပေါ် မူတည်ပြီး အမျိုးစား (၃) မျိုးခွဲခြားနိုင်ပါသည်။

သဲ – ၀.၂ နှင့် ၀.၀၅ မီလီမီတာ

နှုန်း – ၀.၀၅ နှင့် ၀.၀၀၂ မီလီမီတာ

ရွံ့စေး – ၀.၀၀၂ မီလီမီတာ အောက်ငယ်သော အရွယ်စား

ရွံ့စေးသည် သဲမြေထက် အစပေါင်း ၁၀၀၀ ထက် အရွယ်စားသေးငယ်တာကို မှတ်သားသိရှိနိုင်ပါသည်။ အရွယ်စားမတူကွဲပြားရခြင်းမှာ မိခင်ကျောက်သား အမျိုးစား နှင့် တိုက်စားပျက်စီးသည့် ပြင်းအားပေါ်တွင် မူတည်၍ ကွဲပြားသွားပါသည်။

မြေသားအနုအကြမ်းသည် အာဟာရစီမံခန့်ခွဲမှုအတွက် အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် ရေနှင့် အာဟာရ ထိန်းထားနိုင်မှုအပေါ် လွမ်းမိုးထားနိုင်သောကြောင့်ဖြစ်ပါသည်။ ဥပမာ သဲဆန်သောမြေသည် ရေနှင့် အာဟာရထိန်းထားမှုညံ့သော်လည်း မြေသားနုသောနုန်းမြေသည် ရေနှင့် အာဟာရထိန်းထားနိုင်မှု အလွန်ကောင်းပါသည်။ ထို့ကြောင့် ကျွန်တော်တို့ စိုက်ပျိုးသော မြေများ၏ အာဟာရထိန်းထားနိုင်မှုကို ခွဲခြားနိုင် ရန် ဆက်လက်လေ့လာကြပါစို့…

မြေသားအနု/အကြမ်း

မြေသားအနုအကြမ်း (Soil Texture)ကို စိုက်ခင်းတွင်းခွဲခြားရန် Feel Test (၂) မျိုးဖြင့် လွယ်ကူစွာ စမ်းသပ်ခွဲခြား နိုင်ပါသည်။

(၁) မြေလုံး၍ စမ်းသပ်ခြင်း (Ball Squeeze Test)

လက်တွေ့ မြေသားအနု/အကြမ်း ခွဲခြားနိုင်ရန် မြေသားအစိုကို လက်ချောင်းများထဲ ပွတ်ဆွဲကာ မြေကို လုံးကြည့်ပြီး လက်၏ ခံစားချက်ဖြင့် သိနိုင်မည်။

၁။ သဲများလျှင် – ကြမ်းရှပြီး ရှပ်နေမည်၊၊ အနည်းငယ်ဖိပါက ကျိုးပဲ့သွားပါမည်။

၂။ နုန်းများလျှင် – နူးညံ့ပြီး မြေလုံးကို အလွယ်တကူ ပုံစံပြောင်းနိုင်မည်။

၃။ မြေစေးများလျှင် – စေးကပ်ပြီး နုနေမည်။ ဖိကြည့်ပါက အလွယ်တကူ မကျိုးပဲ့နိုင်ကြောင်း တွေ့ရမည်။

(၂) ကြိုးပုံစံ စမ်းသပ်ခြင်း (Ribbon Test)

ကြိုးပုံစမ်းသပ်နည်းဖြင့် မြေအစိုကို လက်ထဲတွင်လက်မနှင့် လက်ချောင်းများဖြင့် အရှည်လိုက်ဆွဲ ယူခြင်းဖြင့်    စမ်းသပ်နိုင်သည်။

၁။ သဲဆန်        –  တို (၁ လက်မ အောက် အရှည်)၊ ကြမ်းရှနေခြင်း၊

၂။ နုန်းဆန်       – အလယ်အလတ်(၁ မှ ၂ လက်မ အရှည်) ကြမ်းရှမှု မရှိ၊

၃။ မြေစေးဆန်  – ပိုရှည်၊ (၂ လက်မ အထက် အရှည်)၊၊ နူးညံ့ခြင်း။

ဓာတ်ခွဲခန်းတွင်း စမ်းသပ်ခြင်း

နောက်စမ်းသပ်နည်းမှာ ယူထားသောမြေကို သတင်းစာပေါ် ဖြန့်၍လှမ်းထားပါ။ ဖုံ၊ ခဲ၊ သဲ၊ အမှိုက်၊ အပင်၊ အမြစ်တို့ကို ဖယ်ရှားပါ။ ဆလင်ဒါပုံ ပုလင်း၏ သုံးပုံတစ်ပုံမြေသားထည့်ပါ။ မြေမှုန်များ သီးခြားစီ ကွဲထွက်စေရန် ပေါင်ဒါမှုန့် (၁) ဇွန်းထည့်ပါ။ ပုလင်းပြည့်သည့်အထိ ရေဖြည့်ပါ။ အဖုံးကိုတင်းကျပ်စွာပိတ်ပါ။ ၁၀-၁၅  မိနစ် ကြာအောင် သေချာလှုပ်ပေးပြီး မြေမှုန်များ အရွယ်အစားအလိုက် သီးခြားစီ ကွဲထွက်လာမည်။ ပုလင်းကို ငြိမ်အောင်ထား‌ပေးပါ။

၁ မိနစ်အကြာ - အောက်ဆုံးအလွှာ _သဲမှုန်အလွှာထု
၂ နာရီ အကြာ - ဒုတိယအလွှာ _နုန်းမှုန်အလွှာထု
၁-၃ ရက် အကြာ - အပေါ်ဆုံးအလွှာ _မြေစေးအလွှာထု အဖြစ် တွေ့နိုင်သည်။

စုစုပေါင်းအလွှာထုပေါ်တွင်သဲအလွှာ၊ နုန်းအလွှာ၊ မြေစေးအလွှာတို့ဖြင့် တွက်ချက်ပါက ပါဝင်မှုရာနှုန်း ကို သိနိုင်သည်။

 သဲ ရာခိုင်နှုန်း      = ( သဲလွှာထု၏အထူ/စုစုပေါင်း အထူ )*၁၀၀

 နုန်းရာခိုင်နှုန်း     = ( နုန်းလွှာထု၏အထူ/ စုစုပေါင်း အထူ )*၁၀၀

 မြေစေးရာခိုင်နှုန်း= (မြေစေးထု၏အထူ/ စုစုပေါင်း အထူ )*၁၀၀

မြေစေး ၃၅ % ထက်ပိုလျှင်  မြေစေးအုပ်စု (Sandy clay)၊  မြေစေး ၄၀_၆၀%အတွင်း   နုန်းမြေစေး (Silty Clay)၊ မြေစေး ၂၀ %အောက် လျော့လျှင် မြေစေး(Sandy loam)၊ သဲ ၇၀ % ထက်များလျှင် သဲမြေကြမ်း (Sandy Soil) အဖြစ် သတ်မှတ်သည်။  

Triangular diagram of Soil Textural Classes (USDA Triangle)

မြေသားဖွဲစည်းပုံအရ မြေဆီလွှာ၏  ရုပ်ဂုဏ်သတ္တိများတွင် အရေးပါသောမြေသား အနုအကြမ်း (Soil Texture)ကို သိရှိပြီး မိမိမြေနှင့် သင့်တော်သော သီးနှံရွေးချယ် စိုက်ပျိုးနိုင်မည်။ သီးနှံစိုက်ပျိုးရာတွင်လိုအပ်သော ရေနှင့် အာဟာရဓာတ်တို့  စနစ်တကျ စီမံထည့်သွင်း နိုင်မည်ဖြစ်သည်။