Differences Between Quicklime And Gypsum

စိုက်ပျိုးရေးသုံး ထုံး (CaCO3) နှင့် ဂျစ်(ပ်)ဆမ် ကျောက်မှုန့် (Gypsum, CaSO4.H2O) ဧ။် အသုံးဝင်မှု ကွာခြားချက်…

-အများသိကြတဲ့ အတိုင်းပါပဲ ထုံးနဲ့ ဂျစ်(ပ်)ဆမ် နှစ်မျိုးစလုံးဟာ မြေဆီလွှာ ပြုပြင်ထိမ်းသိမ်းရာမှာ အသုံးများတဲ့ သဘာဝ တွင်းထွက် များဖြစ်ကြပါတယ် (တချို့ Gypsum ကတော့ P ဓါတ်မြေသြဇာထုတ်ရာမှာ ထွက်လာတဲ့ ဘေးထွက် ပစ္စည်းဖြစ်တယ်လို့ ဆိုပါတယ်)… လူအတော်များများက ဒီတွင်းထွက် ၂ မျိုးကို အစားထိုးပြီးသုံးလို့ ရတယ်..စွမ်းရည် ဂုဏ်သတ္တိလည်းတူကြတယ်လို့ ယူဆကြပြီး အသုံးပြုကြပါတယ်…သို့သော် အမှန်တကယ်တော့ မြေဆီလွှာထဲ ထည့်လိုက်တာနဲ့ ၎င်းတို့ရဲ့ လုပ်ဆောင်ပုံက ကွဲပြားခြားနားတာကိုတွေ့ရပါတယ်…ဒါကြောင့် မိမိမြေရဲ့ လိုအပ်ချက်ကို သိပြီး သင့်လျော်တဲ့ တွင်းထွက်ပစ္စည်းကို အသုံးပြုခြင်းဖြင့် စီးပွားရေးအရ တွက်ချေကိုက်ပြီး ထိရောက်တဲ့ မြေဆီလွှာ ပြုပြင်ခြင်းမျိုးဆောင်ရွက်ရာမှာ တထောင့် တနေရာမှ ပံ့ပိုးနိုင်စေခြင်းအလို့ငှာ ဖတ် မှတ် မိသမျှလေးကို ဝေမျှလိုက်ပါတယ်။

၁) ပထမဦးစွာ ထုံး (သို့) ဂျစ်(ပ်)ဆမ် ကိုထည့်ရသည့် ရည်ရွယ်ချက်ကို သိဖို့ လိုမည်ဟု ထင်ပါသည်။

-ဥပမာ မိမိမြေက ချဉ်နေလို့ သီးနှံပင်က ဖြစ်သင့် သလောက် မဖြစ်ဘူး ဒါကြောင့် မြေရဲ့ ချဉ် ငံ ကိန်း (Soil pH) ကိုမြင့်ချင်တယ် ဆိုရင်တော့ ထုံးကို ထည့်မှ မိမိ မျှော်မှန်းတဲ့ pH ကို ရရှိမှာ ဖြစ်ပါတယ်…ဒီနေရာမှာ အရေးကြီးတာက မြေချဉ်တယ် ဆိုတာ pH ဘယ်လောက်ကိုပြောတာလဲ မိမိမြေရဲ့ pH ကကော ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ အကြမ်းဖျင်း သိဖို့ လိုပါလိမ့်မယ်..pH ကိုတိုင်းဖို့ pH meter မရှိရင်တောင် မြေဆီလွှာ သေတ္တာ (Soil Test Kit) (စိုက်ပျိုးရေး သုတေသနဌာန မှာ အလွယ်တကူ ဝယ်ယူလို့ရပါတယ်) လေးရှိရုံနဲ့ မိမိမြေရဲ့ pH ကို သိနိုင်သလို အာဟာရဓါတ်ပါဝင်မှု အနေ အထားကိုလည်း အကြမ်းဖျင်းသိနိုင်ပါတယ်…ယေဘုယအားဖြင့် pH 5.5 ထက်နည်းသောမြေကို မြေချဉ်လို့ သတ်မှတ်ပြီး ထုံးထည့်ပြုပြင်သင့်တယ်လို့ အကြံပြုကြပါတယ်…ထုံးထည့်ရာမှာ သတိထားရမှာက ထုံးက ပျော်ဝင်မှု နှုန်း အလွန်နှေးတဲ့ အတွက် ထုံးမှုန့်သေးလေလေ ပိုထိရောက်လေ ဖြစ်ပါတယ်…မြေရဲ့ အချဉ်ဓါတ်ကြောင့် ထည့်လိုက်တဲ့ ထုံးကိုပျော်ဝင်စေတယ်…အဲဒီကနေ မြေကို ချဉ်စေတဲ့ H+ ကို ဖယ်ရှားပေးခြင်းကြောင့် မြေရဲ့ pH ကို မြင့်စေတယ်…pH မြင့်လာတဲ့ အတွက် မြေချဉ်တွေမှာ ဖြစ်လေ့ရှိတဲ့ Al3+ နဲ့ Mn2+ အဆိပ်အတောက်ဖြစ်ခြင်းမှကင်းဝေးနိုင်မှာဖြစ်ပါတယ်… ဒီနေရာမှာ ဂျစ်(ပ်)ဆမ်ထည့်လို့ကောမရဘူးလားဆိုတဲ့ မေးခွန်းရှိပါတယ်. ထည့်လို့တော့ ရပါတယ်…ဂျစ်(ပ်)ဆမ် ထည့်ခြင်းကြောင့် ရလာမယ့် Ca2+ နှင့် S ဓါတ်ရရှိမှု မြေသား ပိုမိုဖွယ်စေမှု စတဲ့ အကျိုးကျေးဇူးတွေကတော့ ရမှာပါ…ဒါပေမဲ့ ဂျစ်(ပ်)ဆမ်က မြေဆီလွှာရဲ့ pH ကို သိသိသာသာ မပြောင်းလဲ စေနိုင်တဲ့ အတွက်ကြောင့် pH မြင့်စေလိုတဲ့ မိမိရဲ့ ရည်ရွယ်ချက်နဲ့တော့ အလှမ်းဝေးသွားမှာ ဖြစ်ပါတယ်…

၂) ဂျစ်(ပ်)ဆမ်ကို ဘယ်လိုမြေမျိုးမှာ ထည့်ပေးသင့်ပါသလဲ?

-ဂျစ်(ပ်)ဆမ်ထည့် ပြီးပြုပြင်ဖို့ အသင့်လျော်ဆုံးမြေကတော့ ဆပ်ပြာပေါက်မြေ (Sodic soil, Na များတဲ့မြေ) ဖြစ်ပါတယ်…Gypsum (CaSO4.H2O) ထည့်လိုက်လို့ ထွက်လာတဲ့ SO42- က မြေဆီလွှာထဲက Na နဲ့ ပေါင်းပြီး အလွယ်တကူ ပျော်ဝင်နိုင်တဲ့ Na2SO4 ဖြစ်စေပါတယ်… ဒီ တော့မှ ဒီ Na2SO4 တွေကို အမြစ်ဇုန်ကလွတ်တဲ့ အနက်အထိ ရေနဲ့ နိုင်နိုင်ဆေးချပေးမှသာလျင် အကျိုးရှိမှာ ဖြစ်ပါတယ်…အကယ်၍ ဒီ Na2SO4 ဆားများက အမြစ်ဇုန်တွင်းမှာသာရှိနေမယ်ဆိုရင် အပင်များ ကို လောင်စေနိုင်ပါတယ်။ ဆားပေါက်တဲ့မြေ (ဆားပျော်ဝင်မှု EC မြင့်တဲ့မြေ) မြေတွေမှာတော့ Gypsum ထည့်တာကို မညွှန်းပါဘူး…ရေချိုနဲ့သာ နိုင်နိုင်ဆေးချဖို့ တိုက်တွန်းပါတယ်…ဘာဖြစ်လို့လဲ ဆိုတော့ ရေပျော်ဆားများဟာ ဖလှယ်နိုင်တဲ့ Na မဟုတ်တဲ့ အတွက် Gypsum နဲ့ အထက်မှာ ပြောခဲ့သလို ထိထိရောက်ရောက် ဖလှယ်နိုင်မှာ မဟုတ်လို့ဖြစ်ပါတယ်…Gypsum ကိုမြေသားစေးလွန်းတဲ့ မြေတွေမှာ ထည့်ပေးခြင်းဖြင့် မြေသားတည်ဆောက်ပုံ ပိုမိုကောင်းလာစေနိုင်ပါတယ်…သဲဆန်လွန်းတဲ့ မြေမှာထည့်ရင်တော့ ဖွဲ့စည်းစရာ မြေမှုန့်နည်းတာကြောင့် သိပ်အကျိုးမရှိပါဘူး…
အချုပ်အားဖြင့်ဆိုရင်တော့ မိမိမြေရဲ့ pH က ၅.၅ ထက်နိမ့်နေတယ် ဆိုရင် ထုံးထည့်ပေးပြီး pH က ၅.၅ ထက်တော့ မြင့်တယ် ဆပ်ပြာပေါက်နေတယ် (သို့) မြေသားတည်ဆောက်ပုံ ပိုပြီးမွချင်တယ်ဆိုရင်တော့ Gypsum ထည့်သင့်တယ်လို့ဆိုရမယ် ထင်ပါတယ်…

Crd # ဒေါက်တာ နန်းရှန်အေး

Agrifirst စက်ရုံဖွင့်ပွဲတွင် ဒေါက်တာရဲတင်ထွန်း (စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်) မှ မြန်မာ့လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှာစကားပြောကြားခြင်း