မြန်မာနိုင်ငံတွင် ပြောင်းသီးနှံကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့တွင် စိုက်ပျိုးကြသည်။
မြန်မာနိုင်ငံတွင် စပါးပြီးလျှင် ပြောင်းသီးနှံသည် ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်သော နှံစားသီးနှံ ဖြစ်ပါသည်။
- စိုက်ပျိုးချိန်
- မိုးရာသီ – မေလမှ ဇွန်လလယ်အတွင်း ပြောင်းစိုက်ဧရိယာ၏ ၈၅% အထိ စိုက်ပျိုးကြပြီး စက်တင်ဘာ၊ အောက်တို ဘာလတွင် ရိတ်သိမ်းသည်။
- ဆောင်းရာသီ - အောက်တိုဘာ၊ နိုဝင်ဘာလတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ နှင့် မတ်လတို့တွင်ရိတ်သိမ်းသည်။
- အစေ့ထုတ်ပြောင်းသည် အလင်းရောင် တုံ့ပြန်မှုမရှိ။
- အစိုဓာတ်ရရှိပါက ရာသီမရွေး စိုက်ပျိုးနိုင်ပါသည်။
- မိုးရေချိန်(၃၀-၃၅)လက်မ ရှိပြီး၊ ပြောင်းသီးနှံ သက်တမ်းတလျှောက် မိုးရွာသွန်းမှု ညီညာမျှတစွာရရှိပါက ပိုမိုကောင်းမွန်ပါသည်။
- မိုးကြီးခြင်း၊ ရေဝပ်ခြင်း လုံးဝ မကြိုက်ပါ။
- အစေ့ထုတ်ပြောင်းစိုက်ရန် မြေရွေးချယ်ခြင်း
- မြေ၏ချဥ်ငန်ကိန်း(Soil PH) – ၅.၃ – ၇.၃ တွင် စိုက်ပျိုးနိုင်ခြင်း
အကောင်းဆုံး မြေချဥ်ငန်ကိန်းမှာ ၆ – ၇ (PH 6-7) ဖြစ်ပါသည်။
- သစ်ဆွေးဓာတ်ကြွယ်ဝပြီး ရေထိမ်းနိုင်သောမြေတွင် စိုက်ပျိုးနိုင်ခြင်း
- မြေသြဇာထက်သန်သောမြေကို နှစ်သက်ခြင်း
- လေဝင်လေထွက်ကောင်းသော မြေတွင် စိုက်ပျိုးနိုင်ခြင်း
- ရေမဝပ်သောမြေတွင် ပြောင်းစိုက်ရန် သင့်တော်ခြင်း
- မြေသားထူသည့် နုန်းမြေ၊ နုန်းစနယ်မြေ နှင့် သဲနုန်းမြေတို့တွင် ပိုမိုဖြစ်ထွန်းခြင်း
- ပြောင်းမျိုးရွေးချယ်ခြင်း
- ဒေသအလိုက်သင့်တော်သော အထွက်ကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးပါ။
- စပ်မျိုးများ – CP-888 ၊ CP-858 ၊ CP-988 ၊ CP-999၊
ရေဆင်း-၂၊ ရေဆင်း-၃၊ ရေဆင်း-၄၊ ရေဆင်း-၅၊ ရေဆင်း-၆၊ ရေဆင်း-၁၂
- ဒေသမျိုးများ – ဧကရီ၊ ရေဆင်းရွှေဝါ၊
- စိုက်နည်းစနစ်
- တစ်ဧက သတ်မှတ်အပင်ဦးရေ ပြည့်ရန် တန်းကြား-၃၀ လက်မ၊ ပင်ကြား-၉လက်မ၊တစ်ကျင်း တစ်ပင်ချန်ပါ။
- မစိုက်မှီ မြေပြုပြင်ချိန်တွင် သဘာဝမြေသြဇာ နွားချေးလှည်း ၁၀ – ၁၅ စီးထည့်ပါ။
- သီးနှံပင်၏စားသုံးနိုင်မှုအရ မြေခံမြေသြဇာကို နိုက်ထရိုဂျင်၊ ဖော့စဖာရပ်နှင့် ပိုတက်ဆီယမ် အာဟာရတို့ကို လုံလောက်စေရန် ထည့်ပေးပါ။
- အစိုဓာတ်ထိန်းပေးနိုင်ရန် ပြုပြင်ပြီးမြေကို ကြမ်းတုံးရိုက်ပြီးမှ စိုက်ကြောင်းဆွဲ၍ စိုက်ပါ။
- လေဖြင့်ဝတ်မှုန်ကူးခြင်းကြောင့်လေလမ်းကြောင်းအား ကန်လန့်ထား၍ စိုက်တန်းဆွဲပါ။
- အစေ့ထုတ်ပြောင်း၏လိုအပ်သောအချိန်၊သားခွဲဘောင်တင်ချိန်၊ပန်းပွင့်ခါနီးအချိန်တို့တွင် သီးနှံရက်သားအလိုက် အာဟာရလုံလောက်အောင် ထည့်သွင်းပေးပါ။
- အပင်ပေါက်စုံပြီး ၁၄-ရက်သားတွင် တစ်ကျင်းတစ်ပင်ချန်၍ အပြီးသားခွဲပါ။
- အပင်ပေါက်စုံပြီး ၃၅-၄၀ ရက်သားတွင် ပေါင်းမြက်ရှင်း၍ ဘောင်တင်ပါ။ မြေသြဇာကျွေးပါ။
- ပိုးမွှားရောဂါကာကွယ်ခြင်း
- ပြောင်းပင်အပင်ငယ်စဥ်တွင်ကျရောက်တတ်သောပင်ဖြတ်ပိုးကိုသင့်တော်သောပိုးသတ်ဆေး အသုံးပြုပါ။
- ပြောင်းသီးနှံတွင် ဖော-ငမြှောင်တောင်၊ ရွက်စားပိုးတို့ကျရောက်ပါက ပိုးသတ်ဆေး အသုံးပြုပါ။
- ဘက်တီးရီးယားရွက်ခြောက်ရောဂါခံနိုင်သောမျိုးကို ရွေးချယ်စိုက်ပါ။
- ပြောင်းစေ့သိုလှောင်ရာတွင် အစေ့ထိုးပိုး ဆိုးဝါးစွာ ကျရောက်ဖျက်ဆီးတတ်သည်။လိုအပ်လျှင် အဆိပ်ငွေ့မှိုင်းတိုက်ပါ။
- ရိတ်သိမ်းခြင်း
- အစေ့ထုတ်ပြောင်းကို အဝါရောင်သန်းပြီး ရိုးညှာတွင် အညိုရောင်ကွင်းတွေ့ချိန်တွင် ရိတ်သိမ်းပါ။
- ရိတ်သိမ်းပြီးလျှင် ချက်ချင်းဖက်ခွာပါ။ ၅ – ၇ ရက်နေလှမ်းပြီး အစေ့ချွေပါ။
- ပြောင်းစေ့ ကောင်းကောင်းခြောက်စေရန် နေ ထပ်မံ လှန်းပေးပါ။
- ပြောင်းစေ့များ မှိုမတက်စေရန် စနစ်တကျ သိုလှောင်ပါ။
အရည်အသွေးကောင်းမွန်သော အစေ့ထုတ်ပြောင်းစေ့များရရှိစေရန် စိုက်ပျိုးရာသီတလျှောက်
ရေမဝပ်ရန်၊ စိုက်ခင်းအတွင်း အစိုဓာတ်လုံလောက်ရန် နှင့် သက်တမ်းအလိုက်သီးနှံပင်လိုအပ်သော အာဟာရ
ဓာတ်ထည့်သွင်းပေးနိုင်ရန်နှင့် ရောဂါ/ပိုးမွှားများ အချိန်မီ ကာကွယ်နှိမ်နင်းရန် လိုအပ်ပါသည်။

