ရုပ်ဂုဏ်သတ္တိတစ်မျိုးဖြစ်သည့် မြေ၏သိပ်သည်းဆ (Bulk Density) ဆိုသည်မှာ မြေကြီး၏ စုစုပေါင်းထုထည် တစ်ယူနစ်တွင်ရှိသော မြေ၏အခြောက်အလေးချိန် ဖြစ်ပါသည်။ မြေဆီလွှာ၏ သိပ်သည်းဆ (Bulk Density) များခြင်းသည် မြေသားအား မာကျော/ကျစ်လစ်(Compact) သွားစေပါ သည်။ မြေသားမာကျောခြင်း/ကျစ်လစ်ခြင်း (Soil Compaction) ကြောင့် မြေတွင်းရှိ ရေပေါက်/ လေ ပေါက်များနည်းပါးသွားစေ၍ သီးနှံပင်တို့၏ အမြစ်ကြီးထွားမှု၊ အမြစ်ထိုးဖောက်နိုင်မှုတို့ကို ဟန့်တား ပြီး အပင်အတွက်လိုအပ်သော ရေနှင့် အာဟာရစုပ်ယူရရှိနိုင်မှုလည်း လျော့နည်းစေပါသည်။
မြေ၏သိပ်သည်းဆ (Bulk Density)ကို တွက်ချက်ရာတွင် မြေ၏အလေးချိန် ဂရမ်(gram)၊ မြေ၏ထုထည် ကုဗစင်တီမီတာ (cm3)နှင့် တိုင်းတာ၍ Bulk Density ကို (gm/cm3) ဂရမ်/ကုဗစင်တီ (သို့မဟုတ်) ကီလိုဂရမ်/ကုဗမီတာ(Kg/m3)ဖြင့် ဖော်ပြပါသည်။
ပုံမှန်အားဖြင့် မြေ၏သိပ်သည်းဆ (Bulk Density) မှာ 1.00 _ 1.6 gm/cm3 နှင့် ပျှမ်းမျှ 1.35 gm/cm3 ရှိသည်။ Bulk Density တန်ဖိုးနည်းခြင်းသည် မြေဆီလွှာကျန်းမာသန်စွမ်းခြင်းကို ရည်ညွှန်း ဖော်ပြနေခြင်းပင် ဖြစ်သည်။
မြေ၏သိပ်သည်းဆ (Bulk Density) အနည်းအများဖြစ်ရခြင်းမှာ မြေဆီလွှာ၏ အမျိုးအစား နှင့် မြေယာအသုံးချမှုတို့ကြောင့်လည်း ကွဲပြားသွားစေနိုင်သည်။
မြေသားအနု/အကြမ်း (Soil Texture) အရ သဲဆန်သောမြေသည် လေပေါက်/ရေပေါက်တို့ ပါဝင်မှု (Porosity) နည်းပြီး လေပေါက်/ရေပေါက်တို့ပါဝင်မှု (Porosity) များသော နုန်းမြေ၊ မြေစေးမြေတို့ထက် မြေ၏သိပ်သည်းဆ (Bulk Density) အနေဖြင့် သဲဆန်သောမြေသည် ပိုမိုမြင့်မားပါသည်။
အော်ဂဲနစ်မြေဆွေး (Organic Matter) ပါဝင်မှုများသောမြေသည် သဘာဝအရ အပေါက် (Pore Spaces) တို့ပါဝင်မှု များခြင်းကြောင့် မြေသိပ်သည်းဆ(Bulk Density)လျော့နည်း စေသည်။ မြေအောက်ပိုနက်လေ၊ အော်ဂဲနစ်မြေဆွေး(Organic Matter) ပါဝင်မှုနည်းလာ၍ မြေ၏ သိပ်သည်းဆ ပိုများလာလေဖြစ်သည်။
မြေဆီလွှာတွင်း အပေါက် (Pore Spaces) လေးများပါရှိနေခြင်းသည် မြေတွင်းလေဝင်၊ လေထွက် ကောင်းစေရန်အတွက် အရေးပါသည်။ အပင်၏အမြစ်နှင့် မြေတွင်းအောင်းအဏုဇီဝသက်ရှိ လေးများ ရှင်သန်စေရန်အတွက် လိုအပ်သော အောက်စီဂျင်ကို ရရှိစေသည်။
စိုက်ပျိုးမြေပြုပြင်ခြင်း၊ သီးနှံရိတ်သိမ်းရာတွင် လေးလံသော စက်ကိရိယာများ အသုံးပြုခြင်း၊ ရေပေးသွင်းခြင်းတို့ကြောင့် မြေဆီလွှာကြပ်ခြင်း(Soil Compaction) ဖြစ်ပေါ်လာကာ လေပေါက်/ ရေပေါက်ပါဝင်မှု (Porosity) လျော့နည်းသွားစေ၍ မြေသိပ်သည်းဆ(Bulk Density)ကို မြင့်တက်လာ စေသည်။
မြေ၏သိပ်သည်းဆ (Bulk Density) မြင့်မားခြင်းသည် မြေတွင်းရှိရေ၊ လေတို့၏ ရွေ့လျား မှုကို အဟန့်အတားဖြစ်စေပြီး သီးနှံပင်၏အမြစ်ကြီးထွားမှု၊ အပင်ဖြစ်ထွန်းမှုကိုခက်ခဲစေကာ သီးနှံ အထွက်နှုန်းကို ပါထိခိုက်လာစေသည်။ Bulk Density နည်းခြင်း၊ များခြင်းသည် မြေဆီလွှာအတွင်းရှိ အပင်အာဟာရ ရရှိနိုင်စွမ်းနှင့် အာဟာရရွေ့လျားနိုင်မှုတို့အပေါ်လည်း သက်ရောက်လွှမ်းမိုးနေသည်။
သီးနှံစိုက်ပျိုးနေသော Bulk Density ကို မြေနမူနာယူ၍ တိုင်းတာတွက်ချက်နိုင်ပါသည်။ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များရယူပြီး မိမိမြေအား စနစ်တကျမြေပြုပြင်ခြင်း၊ မှန်ကန်သော ရေသွင်းစနစ်အသုံးပြုခြင်းဖြင့် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ လုပ်ဆောင်ခြင်းဖြင့် သီးနှံပင်အောင်မြင်ဖြစ်ထွန်းစေ သော သင့်တော်သည့် မြေသိပ်သည်းဆ (Bulk Density)ကို ထိန်းထားနိုင်မည်ဖြစ်ပါသည်။

