ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း နှင့် နေကြာ သီးနှံများအနက် ပြည်တွင်းစားသုံးမှုအတွက် နှမ်းသီးနှံပြီးလျှင် ဒုတိယစိုက်ပျိုးမှုအများဆုံးသီးနှံမှာ မြေပဲဖြစ်ပါသည်။ ပြည်တွင်းဆီဖူလုံမှုအတွက် မြေပဲ အထွက်နှုန်းတိုးပြီး ထုတ်လုပ်မှုမြင့်မားစေရန် လိုအပ်ပါသည်။

မြေပဲသီးနှံကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် အဓိကစိုက်ပျိုးပါသည်။ မိုးကောင်းသောက်ဧရိယာများပြားခြင်းကြောင့် မိုးရွာသွန်းမှု အပေါ်မူတည်၍ အစိုဓာတ်လုံလောက်စွာရရှိနိုင်မှုတို့ကို ချိန်ဆစိုက်ပျိုးကြရသည်။ စိုက်ချိန်များလည်း မတူညီ နိုင်ကြပေ။ စိုက်ပျိုးရာသီအလိုက် အစိုဓာတ်မှီစေရန် စောနိုင်သမျှ စောစိုက်ကြရပါသည်။

  • စိုက်ပျိုးချိန်

မိုးမြေပဲကို  မေလ မှ ဇွန်လအတွင်း၊ စကမြေပဲကို ဇူလိုင်လလယ်မှ သြဂုတ်လလယ်အတွင်းနှင့် ဆောင်းမြေပဲကို စက်တင်ဘာလလယ်မှ နိုဝင်ဘာလလယ်အတွင်း စိုက်ပျိုးလေ့ရှိပါသည်။ မြေပဲစိုက်ပျိုးချိန် များသည် ယေဘုယျသတ်မှတ်ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဒေသ၏ ရာသီဥတုအခြေအနေ၊ မိုးရွာသွန်းမှုနှင့် ရေသွင်းနိုင်မှုအပေါ်မူတည်၍ အနည်းငယ် အပြောင်းအလဲရှိနိုင်ပါ သည်။

  • မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း

အထွက်ကောင်းမျိုးများဖြစ်သော ဆင်းပဒေသာ-၆၊ ဆင်းပဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ မ‌ကွေး-၁၀၊ မကွေး-၁၁ စသည့်မျိုးများကို  ရွေးချယ်စိုက်ပျိုးပါ။ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်၍ ဒေသ နှင့် ကိုက်ညီသောမျိုးကို အသုံးပြုစိုက်ပျိုးခြင်း၊ ပိုးမွှား၊ ရောဂါကင်းစင်ပြီး ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုခြင်း၊ အပင်ပေါက်ရာနှုန်း ၈၀% အထက်ရှိသောမျိုးစေ့ကို အသုံးပြုခြင်း၊   မစိုက်ပျိုးမှီတစ်ပတ် အလိုတွင်မှ အစေ့ခွာခြင်း၊ သေးလွန်း/ကြီးလွန်းသောမျိုးစေ့ကိုအသုံးမပြုဘဲ အရွယ်ညီသောအစေ့ကို အသုံးပြုစိုက်ပျိုးခြင်း စသည့် အချက်များအပေါ် အခြေခံ၍ စိုက်ပျိုးသင့်ပါသည်။

  • မြေပြုပြင် စိုက်ပျိုးခြင်း

နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ ကိုင်းကျွန်းမြေ နှင့် မြေချဥ်ငံကိန်း ၅.၅ – ၇.၀ အတွင်းရှိသောမြေ၊တို့တွင်ဖြစ်ထွန်းပါသည်။ အပင်ပေါက်ညီညာစေရန်၊ ပေါင်းမြက်ကင်းစင်စေရန်အတွက် စိုက်ခင်းကို ထယ်ရေးနက်၊ ထွန်ရေးညက်စေရန် မြေပြုပြင်ပါ။ ပင်ထောင်မြေပဲကို စိုက်တန်းကြား ၁၅ လက်မ၊ ပင်ကြား ၄ လက်မ၊ ပင်ပြန့်မြေပဲကို စိုက်တန်းကြား ၁၈ လက်မ၊ ပင်ကြား ၄ လက်မ ထား၍စိုက်ပါ။ တစ်ဧက အပင်ဦးရေ တစ်သိန်းပြည့်မီအောင်စိုက်ပျိုးပါ။ မြေပဲမျိုးစေ့ကို စိုက်ကြောင်းအတွင်း အနက် ၁.၅ – ၂  လက်မ အထက်  မနက်စေအောင် စိုက်ပါ။ မျိုးစေ့ကို ပဲမြစ်ဖုမြေသြဇာဖြင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။

  • ပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းခြင်း

မြေပဲတွင်ကျရောက်တတ်သော မြစ်ပုပ်ရောဂါ၊ ခါးရိရောဂါ နှင့် အစေ့ပုပ်ရောဂါများကို ကြိုတင် ကာကွယ်ရန်အတွက် သင့်တော်သောမှိုသတ်ဆေးတစ်မျိုးဖြင့် လူးနယ်စိုက်ပါ။ မြေပဲအပင်ငယ်စဥ်တွင် ကျရောက်တတ်သောစုပ်စားပိုးနှင့်ရွက်လိပ်/ရွက်ကပ်ပိုးများကျရောက်မှုအတွက် လိုအပ်ပါက ပင်လုံးပြန့် ပိုသတ်ဆေး တစ်မျိုးဖြင့်ပက်ဖျန်းနှိမ်နင်းပါ။ မြေပဲရွက်ပြောက်ရောဂါ ကျရောက်ပါက မှိုသတ်ဆေး တစ်မျိုး မျိုးကိုအသုံးပြုကာကွယ်ပါ။  

  • သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာထည့်သွင်းခြင်း

မြေခံအဖြစ် သဘာဝမြေသြဇာကို တစ်ဧကလျှင် ၅-၁၀ စီးထည့်ပါ။ မြေခံအဖြစ် ဓာတ်မြေသြဇာ တစ်ဧကလျှင် ယူရီးယား  ၁/၂ အိတ်၊ တီစူပါ ၁ အိတ်၊ ပိုတက် ၁/၄ အိတ်နှုန်းကို မြေပဲစိုက်ထယ်ရေးပြင်ချိန် တွင်ထည့်ပါ (သို့မဟုတ်)တီစူပါ နှင့် ကွန်ပေါင်း ၁အိတ် စီထည့်ပါ။ ဂျစ်ပဆန် မြေသြဇာတစ်ဧကလျှင် ၂ – ၅ အိတ်နှုန်းကို မြေခံ(သို့မဟုတ်)နောက်ဆုံးကြားထွန်လိုက်ချိန်(အပင် ၄၅ရက်သား ) အပင်ခြေ၌ ထည့်ပေးပါ။ အစိုဓာတ်ရှိချိန်ထည့်ပေးပါ။  (ဂျစ်ပဆန်မြေသြဇာတွင် ပါဝင်သော ဆာလ်ဖာနှင့် ကယ်လ်စီယမ်ဓာတ်သည် မြေပဲတောင့်ကို အစေ့အဆန်ပြည့်ဖြိုးစေ၍ ဆီပါဝင်မှု (ဆီထွက်) ကောင်းစေပါသည်။

  • အပင်ပြုစုမှု

မြေပဲစိုက်ပြီး (၃၀ – ၃၅ )ရက်သားအတွင်း အပင်ငယ်စဥ် ပေါင်းမြက်ကင်းစင်အောင်ရှင်းပါ။

အစောပိုင်းပန်းပွင့်များမှ စွယ်ချပြီး အောင်မြင်အဆန်ပြည့်သော မြေပဲအတောင့်ရစေ‌ခြင်းအားဖြင့် အထွက် ကောင်းရရှိစေပါသည်။ ထို့ကြောင့် မြေပဲပန်းပွင့်ဖြိုင်ချိန်နှင့် နောက်ပိုင်းကာလတွင် ကြားထွန်ဝင်ခြင်း၊ ဘောင်တင်ခြင်းမပြုလုပ်သင့်ပါ။

မြေပဲပင်၏ အပင်ဖြစ်ထွန်းကာလ ၂၅-၄၅ ရက်သား ၊အဆံဖြည့်ချိန် ၄၅ – ၇၅ ရက်သားတို့တွင် အစိုဓာတ်ရှိရန်လိုအပ်သည်။အစိုဓာတ် မလုံလောက်ပါက ဖြည့်စွက်ရေ ပေးသွင်းပါ။

  • ရိတ်သိမ်းခြင်း

မြေပဲပင် အပင်ညှိုး၍ ဝါလာချိန်၊ အတောင့် ၇၀ % ရင့်ချိန်တွင် နှုတ်သိမ်းပါ။ မြေပဲအတောင့်များကို ပါးပါးဖြန့်၍ ကောင်းစွာခြောက်သွေ့စေရန် နေလှမ်းအခြောက်ခံပါ။ မြေပဲတောင်၏ အစိုဓာတ် (၆ – ၉ )% ထိ အခြောက်ခံပြီးမှ လေလုံစွာ သိလှောင်ပါ။

မြေပဲသီးနှံသည် ဆီထွက်ရာနှုန်း ၄၀-၅၀ % ထိပါဝင်သည်။ ပြည်တွင်းစားသုံးမှုများသော ပဲဆီကို လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်မှာ မြေပဲ အထွက်ကောင်းမျိုးများစိုက်ပျိုးခြင်း၊အပင်ပြုစုခြင်း၊ပိုးမွှား ရောဂါကာကွယ် နှိမ်နင်းမှုများ ပြုလုပ်ခြင်း၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများ အချိုးညီ၊ အချိန် ကိုက်ထည့်ပေးခြင်း အထွက်တိုးနည်းပညာများနှင့်အညီ စနစ်တကျလိုက်နာလုပ်ဆောင်ခြင်းဖြင့် အထွက် ကောင်းရရှိမည်ဖြစ်ပါသည်။