မြေဆီလွှာ၏အရောင်သည် မြေဆီလွှာအကြောင်းကို ဖော်ပြပေးနေသော  သိသာထင်ရှားသည့် ရုပ်သွင်ပြင်လက္ခဏာတစ်ခုဖြစ်ပါသည်။ မြေသားအရောင်သည် မြေဆီလွှာ၏ အကြောင်းကို မည်သည့် အခါမဆို မလိမ်ညာဘဲဖော်ပြနေသည်ဟု တင်စားပြောဆိုလေ့ရှိပါသည်။

မြန်မာနိုင်ငံ၏မြေအမျိုးအစားခွဲခြားရာတွင် အဓိကမြေအမျိုးအစား (၂၄)မျိုး တွေ့ရှိရပါသည်။ မြေအမျိုးအစားလက္ခဏာများနှင့် ရုပ်သွင်ပြင်အား အမိကျောက်သားတွင်ပါဝင်သော ဓာတ်သတ္ထုပါဝင် ဖွဲ့စည်းမှု၊ မြေသားအနိမ့်/အမြင့်၊ မြေအမျိုးအစားဖြစ်ပေါ်စေရန် ဖန်တီးပေးသောရာသီဥတု၊ မြေပေါ်တွင် ပေါက်ရောက်နေသော သဘာဝပေါက်ပင်များကို အခြေခံသတ်မှတ်ထားခြင်း ဖြစ်ပါသည်။

အပူပိုင်းစွတ်စိုဇုန်တွင် နီညိုတောမြေ၊ ဝါညိုတောမြေ၊ ဂဝံမြေများကိုတွေ့ရှိနိုင်ပြီး အပူပိုင်း ခြောက်သွေ့ဇုန်များတွင် နီညိုရောင်ကုန်းကြောသဲဝန်းမြေနှင့် အနိမ့်လွင်ပြင် စနယ်မြေ၊ တောခြောက် မြေ၊ နက်မှောင်ကျစ်လစ်သောစနယ်မြေ၊ ဆပ်ပြာပေါက်မြေ၊ ဆားပေါက်မြေ၊ ကျောက်စရစ်မြေ (ဂဝံမြေ)တို့ကို တွေ့နိုင်သည်။

မြေဆီလွှာ၏အရောင်သည် အပင်၏ရေနှင့် အာဟာရရရှိမှု၊ အထောက်အပံ့ပေးနိုင်စွမ်း၊ အပင် တွင်းရေနှင့် အာဟာရတို့၏ရွေ့လျားမှု၊ ထိမ်းထားနိုင်မှု၊ အပင်အမြစ်များ၏ထိုးဖောက် ဝင်ရောက်ရန် လွယ်ကူစေမှု၊ မြေတွင်းအပူနှင့် လေဝင်လေထွက်စသည့်တို့ကို လွှမ်းမိုးစေနိုင်ပြီး မြေဆီလွှာ၏ ရုပ်ပိုင်း ဆိုင်ရာဂုဏ်သတ္တိတို့နှင့် တိုက်ရိုက်ဆက်နွယ်နေသည်။

မြေသားအရောင်သည်  မြေ၏မြင်သာသော ရုပ်ဂုဏ်သတ္တိဖြစ်သည်။ မြေဆီလွှာအတွင်း ပါဝင်နေသော ဓာတ်သတ္ထုအမျိုးအစားနှင့်ပမာဏ၊ မြေသြဇာထက်သန်စေသော သစ်ဆွေးဓာတ်များ ပါဝင်မှု၊ ရာသီအလိုက်ဖြစ်ပေါ်သော မြေအောက်ရေ၏ အတိမ်အနက်တို့ကြောင့် မြေသား၏ အရောင် ကွဲပြား နေရခြင်း ဖြစ်ပါသည်။ မြေတွင်းဓာတုပြောင်းလဲမှု၊ ဓာတ်တိုး/ဓာတ်လျှော့ဖြစ်စဥ်များ တလှည့်စီ ဖြစ်ပေါ်မှု၊ ရေရရှိမှု အခြေအနေမတူညီခြင်း၊ လေဝင်လေထွက်၊ သစ်ဆွေးဓာတ်ပါဝင်မှု၊ ကာဗွန်နိတ် များစုပုံမှု၊ ရေ/လေတိုက် စားခြင်း စသည်အချက်တို့ကြောင့် မြေသားအရောင်ကွဲပြားနေခြင်းဖြစ်သည်။

မြေသားအရောင်ကို ကြည့်ရှု၍ မြေဆီလွှာ၏အခြေအနေအား ယေဘုယျအားဖြင့် အကဲဖြတ် နိုင်ပါသည်။ အော်ဂဲနစ်ပစ္စည်း (သစ်ဆွေးဓာတ်) ပါဝင်မှုကြောင့် အနက်ရောင်၊ သံ နှင့် အလူမီနီယမ် ပါဝင်မှုကြောင့် အနီရောင်၊ ဆီလီကိတ်နှင့် ဆားပါဝင်မှုကြောင့် အဖြူ‌ရောင်စသည့်ဖြင့် မြေသား၏ အရောင်ကို ဖြစ်ပေါ်စေသောရောင်ခြယ်ပစ္စည်းများအဖြစ် လုပ်ဆောင်နေကြသည်။

၁။အနီရောင်မြေ (Red Soil)

အပူပိုင်းရာသီဥတုရှိသောဒေသတို့တွင် အဖြစ်များ၍ နီညိုတောမြေ၊ နီညိုရောင် ရှိသောကုန်း ကြောပေါ်တွင် သဲဝန်းနှင့် အနိမ့်မြေပြန့်လွင်ပြင်တွင် စနယ်မြေတို့ ဖြစ်သည်။ ပုံမှန်အားဖြင့် သံ အောက်ဆိုဒ် ပါဝင်မှုမြင့်မားကြောင်းဖော်ပြသော မြေအမျိုးအစား ဖြစ်သည်။

၂။ အညိုရောင်မြေ (Brown Soil)

အော်ဂဲနစ်ပစ္စည်း (သစ်ဆွေးဓာတ်) အသင့်အတင့်ပါဝင်နေပြီး ဝါညိုတောမြေ၊ တောခြောက်မြေ တို့ ဖြစ်သည်။

၃။အဝါရောင်မြေ (Yellow Soil)

မြေတွင်းလေဝင်လေထွက်မကောင်းသော အောက်ဆီဂျင်နည်းသည့် အခြေအနေ၊ သံအောက်ဆိုဒ် များ ပါဝင်မှုကြောင့် အဝါရောင်မြေကို တွေ့ရသည်။

၄။အနက်ရောင်မြေ (Black Soil)

အော်ဂဲနစ်ပစ္စည်း (သစ်ဆွေးဓာတ်) ပါဝင်မှုမြင့်မားပြီး နက်မှောင်ကျစ်လစ်သော စနယ်မြေမျိုး ဖြစ်သည်။

၅။ အခြားအရောင်ရှိသောမြေများ (Other Colors)

မြေတွင်းသတ္ထုဓာတ်ပါဝင်မှု၊ မြေအစိုဓာတ် စသည့်အကြောင်းရင်းများကြောင့် လွှမ်းမိုးဖြစ်ပေါ် လာသော မီးခိုးရောင်၊ အနီဖျော့ရောင်၊ အဖြူရောင်မြေစသဖြင့် မြေအမျိုးအစားများ တွေ့ရှိရသည်။

အရောင်ဖျော့၊ အဖြူရောင်သန်းသောမြေသည် ဆားဓာတ်၊ ထုံးဓာတ်ပါဝင်မှုများသည်။ နီညို ရောင် (သံချေးရောင်) သန်းသောမြေသည် ရေစီးရေလာမကောင်းသောမြေ၊ လေဝင်လေထွက် ညံ့သောမြေ ဖြစ်သည်။ မီးခိုးရောင် (မီးခိုးပြာရောင်) သန်းသော မြေသည် အချိန်ကြာမြင့်စွာ ရေဝပ်ခြင်းကြောင့်ဖြစ်သည်။ မီးခိုးဖျော့ရောင်မြေသည် ရေစီးဆင်းမှုနှင့်အတူ အာဟာရအချို့ (သံနှင့် မင်းဂနိစ်)တို့ ဆုံးရှုံးသွား ခြင်းကြောင့် ဖြစ်သည်။

မြေသားအရောင်အရ မြေအမျိုးအစားနှင့် ရုပ်ဂုဏ်သတ္တိများကွဲပြားသွားသည်။ အရောင်ရင့် သောမြေသည် အရောင်ဖျော့သောမြေထက် သစ်ဆွေးဓာတ်ပါရှိပြီး ရေနှင့်အာဟာရတို့ စုပ်ယူမှု ကောင်းစေသည်။ နက်မှောင်သောမြေသည် သစ်ဆွေးဓာတ် ကြွယ်ဝသောကြောင့် အပင်တို့အတွက် ကောင်းမွန်သော မြေဖြစ်သည်။

မြေဆီလွှာ၏အရောင်သည် မြေဆီလွှာအတွင်းလုပ်ဆောင်နေသော ဖြစ်စဥ်များနှင့် ဆက်နွယ် နေသော အရာဖြစ်ပြီး မြေဆီလွှာအမျိုးအစားများခွဲခြားသတ်မှတ်ရာတွင် စံနှုန်းတစ်ခုအဖြစ် ထည့်သွင်း သတ်မှတ် နိုင်ပါသည်။

စိုက်ပျိုးမြေအမျိုးအစားများကို ခွဲခြားသတ်မှတ်ရန်အတွက် မြေ၏အရောင်အသွေးသည် အသုံး ပြု၍ ခွဲခြားနိုင်ဖြစ်ပြီး မြေသားအရောင်သည် မြေဆီလွှာ၏ကျန်းမာသန်စွမ်းမှုကိုလည်း ဖော်ပြနေသည့် အရေးကြီးသည့်အချက်တစ်ခုဖြစ်သည်။