မြေဆီလွှာချဥ်ငန်ကိန်း (Soil pH)သည် ကျွန်တော်တို့စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အရေးတကြီး ထည့်သွင်းစဉ်းစားရန် အရေးကြီးသော မြေကြီးရဲ့ ဓာတုဂုဏ်သတ္တိတစ်မျိုးဖြစ်ပါသည်။

မြေချဉ်ငန်ညွှန်းကိန်းသည် မြေကြီးပျော်ရည်တွင် ပါဝင်သော ဟိုက်ဒရိုဂျင် အိုင်းရွန်း (H+) ပါဝင်မှုပမာဏကို တိုင်းတာပါသည်။

မြေဆီလွှာချဥ်ငန်ကိန်း (pH)သည် တန်ဖိုး ၁ ကနေ ၁၄ အထိ ရှိပါသည်။ ချဉ်ခြင်း၊ ငန်ခြင်း မရှိသော မြေကို pH 7 (သမမြေ) ဟု သတ်မှတ်ထားပါသည်။ မြေချဉ်ငန်ညွှန်းကိန်း pH 7 ဆိုသည်မှာ ကျွန်တော်တို့နေ့စဉ် သောက်သုံးနေသော ရေသန့်တွင်ရှိသည့် တန်ဖိုးတစ်ခုအဖြစ် ခန့်မှန်းမှတ်သား  နိုင်ပါသည်။ pH 7 အောက်ရှိသော မြေကို ချဉ်သောမြေ (မြေချဉ်)ဟု သတ်မှတ်ထားပြီး pH 7 ထက်များသောမြေကို ငန်သောမြေ (‌ဆားပေါက်မြေ)ဟု သတ်မှတ် ထားပါသည်။

သမကိန်းမြေ (Neutral Soil ) – pH 7 ရှိသောမြေသည် ယေဘူယျအားဖြင့် မြေချဥ်ငန်ကိန်းတန်းဖိုး ၆.၅ မှ ၇.၅ တွင် သီးနှံပင်အများစုအတွက် အာဟာရစုပ်ယူရရှိနိုင်စွမ်း အကောင်းဆုံးသော မြေအမျိုးစားတွင် ပါဝင်ပါသည်။ ထို့ပြင် မြေတွင်းသက်ရှိအဏုဇီဝများ ကောင်းစွာရှင်သန်နိုင်သော မြေအမျိုးစားလည်း ဖြစ်ပါသည်။ မြေဆီလွှာ၏ ဇီဝဂုဏ်သတ္တိတွေကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။

မြေဆီလွှာချဥ်ငန်ကိန်း (၇) အောက်နိမ့်သောမြေကို အက်ဆစ်ဆန်သောမြေ (ချဉ်သောမြေ) ဟုခေါ်ပါ သည်။ ထိုအခြေနေတွင် အပင်မှ အာဟာရစုပ်ယူခြင်းကို ဟန့်တားခြင်းခံရပါသည်။ အပင်အတွက် အရေးကြီးအာဟာရများဖြစ်သည့် ကယ်လ်စီယမ်၊ ဘိုရွန်၊ ဖော့စဖောရပ် နဲ့ မဂ္ဂနီစီယမ် စုပ်ယူရရှိမှုတို့ ဟန့်တားခြင်းခံရသောကြောင့် အပင်အာဟာရချို့တဲ့မှုတို့ ဖြစ်ပေါ်ပါသည်။ သို့သော်လည်း သံဓာတ်နှင့်မဂ္ဂနိစ်ဓာတ် ရရှိမှု လွန်ကဲသွားနိုင်သောကြောင့် အာဟာရအဆိပ်သင့်မှုများ ဖြစ်စေပါသည်။ အထူးသဖြင့် pH 5.5  အောက်ရောက်ရှိသောမြေသည် မြေဆီသြဇာထက်သန်မှု မရှိသည့်အပြင်  အဏုဇီဝသက်ရှိများ၊ အကျိုးပြုဘက်တီးရီယားများ ကောင်းစွာမရှင်သန်နိုင်တော့ပါ။ ထို့ကြောင့် pH 5.5 အောက်နိမ့်သော မြေများကိုမဖြစ်မနေ ပြုပြင်ပေးရန် လိုအပ်ပါသည်။

မြေဆီလွှာချဥ်ငန်ကိန်း (၇) ထက်များသောမြေကို ငန်သောမြေ (သို့) မြေငန်ဟု သတ်မှတ်ထားပါသည်။ မြေငန်တွင် သီးနှံပင်အတွက် အပင်အာဟာရဓာတ်တို့ ပုံမှန်မရရှိနိုင်ပါ။ အများလိုအာဟာရ ဖြစ်သော ဖော့စဖောရပ်အာဟာရကို ချို့တဲ့စေပြီး မြေချဥ်ငန်ကိန်း ၈.၂ မှ ၈.၈ တွင် အနည်းလိုအာဟာရများဖြစ် သော သံဓာတ်၊ ဆာလ်ဖာ၊ မဂ္ဂနိစ်၊ ကော့ပါး၊ ဘိုရွန် နဲ့ မဂ္ဂနီဆီယမ်တို့ ပုံမှန် မရရှိနိုင်ပါ။ ထို့ကြောင့် ငန်သောမြေများတွင် အနည်းလိုအာဟာရချို့တဲ့မှု လက္ခဏာများကို တွေ့ရပါသည်။

မိမိစိုက်ပျိုးမြေရဲ့ မြေချဥ်ငန်ကိန်း (Soil pH) ကိုသိရှိ နားလည်စေခြင်းအားဖြင့် မြေဆီလွှာ အတွင်းမှာရှိတဲ့ အပင်အာဟာရဓာတ်လုံလောက်စွာရရှိနိုင်မှု၊ အာဟာရချို့တဲ့မှု၊ အာဟာရ အဆိပ်သင့်မှုတို့ ဖြစ်ပေါ် နိုင်ပါသည်။

ဆားဆပ်ပြာပေါက်မြေ (မြေငန်ခြင်း)

မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာရှိတဲ့ မြေကြီးပေါ်မှာ အဖြူရောင်ဆပ်ပြာပွင့်တွေဖြစ်ပေါ်ခြင်းသည် စိုက်ပျိုးလို့မကောင်းသော စိုက်ပျိုးမြေပြဿနာတွေထဲက တခုဖြစ်ပါသည်။

အဖြူရောင်ဖွေးဖွေးတွေ မြင်ရသော မြေကြီးသည် မြေငန်သည့်မြေ (သို့မဟုတ်) မြေဆီလွှာ ဆား/ဆပ်ပြာပေါက်သည့် မြေဖြစ်ပါသည်။

မြေဆီလွှာချဥ်ငန်ကိန်း (Soil pH)၊ မြေတွင်း ရေပျော်ဆားပါဝင်မှု (EC)၊ ဖလှယ်ထုတ် နိုင်သောဆိုဒီယမ်ရာခိုင်နှုန်း (Exchangeable Sodium Percent ESP % ) တို့ဖြင့်တိုင်းတာ၍ ဆားပေါက်မြေ၊ ဆပ်ပြာပေါက်မြေ၊ ဆားဆပ်ပြာပေါက်မြေဟု ခွဲခြား သတ်မှတ်နိုင်ပါသည်။

  • ဆားပေါက်မြေ (Saline Soil) – Soil pH ၈.၅ အောက်ရှိ၍ EC တန်ဖိုး ၄ ထက်မြင့်မားပြီး ESP ၁၅ အောက်ရှိပါသည်။
  • ဆပ်ပြာပေါက်မြေ (Sodic Soil) – Soil pH ၈.၅ အထက်မြင့်မားပါတယ်။ EC တန်ဖိုး ၄ အောက်ရှိပြီး ESP ၁၅ အထက်ရှိပါသည်။
  • ဆားဆပ်ပြာပေါက်မြေ (Saline Sodic Soil ) – Soil pH ၈.၅ အောက်ရှိ၍ EC တန်ဖိုး ၄ အောက်ရှိပြီး ESP ၁၅ အထက်တွင်ရှိပါသည်။

ဆားဆပ်ပြာပေါက်မြေဖြစ်ပေါ်ရသည့် အကြောင်းရင်းများ

မိခင်ကျောက်သားတွင် ဆိုဒီယမ်ပါဝင်မှုမြင့်မားခြင်း

  • အပူပိုင်းဒေသတွင် အပူချိန်မြင့်မားခြင်းကြောင့် အငွေ့ပျံနှုန်းများပြီး မြေအောက်မှ ဆားများ မြေမျက်နှာပြင် အပေါ်ယံသို့စုပုံရောက်ရှိလာခြင်း နှင့် မိုးရေချိန်နည်းပါးစွာ ရွာသွန်းခြင်းကြောင့် ဆားများ‌ရေနှင့်အတူ စီးဆင်းပျောက်ဆုံးမှု နည်းပါးခြင်း၊
  • ရေသွင်းနည်းစနစ် မမှန်ကန်ခြင်းကြောင့် မြေအောက်ရေလွှာမြင့်တက်ခြင်းနှင့် ရေနှုတ်အားမ ကောင်းခြင်း၊
  • စိုက်ပျိုးရေးသုံးသွင်းရေ/မြေအောက်ရေ၏အရည်အသွေး ရေ၏ အရည်အသွေး မကောင်းခြင်း(ဆားဓာတ်များပါဝင်မှုများခြင်း)၊
  • ပင်လယ်ကမ်းရိုးတန်းဒေသတွင် ပင်လယ်ဆားငန်ရေဝင်ရောက်ခြင်း၊ ဒီရေ၊ မုန်တိုင်းကြောင့်ဘေးတိုက် ဆားရေများဝင်ရောက်လာခြင်း

ဆားငန်မြေစီမံခန့်ခွဲခြင်း

၁။ အပူချိန်မြင့်မား၍ အငွေ့ပျံနှုန်းကို လျော့ချပေးခြင်း

မြေဆီလွှာ ဖုံးအုပ်ပေးခြင်း (Mulching)  (ကောက်ရိုး၊ နှမ်းရိုး၊ ပလပ်စတစ်စ စသည်ဖြင့် ဖုံးအုပ်ပေးခြင်း)၊ မြေဆီလွှာကို  ဖုံးအုပ်စေသော အပင်စိုက်ပျိုးခြင်း  (Cover Crop)၊  အဓိကသီးနှံ မစိုက်မှီ အပင်ဖြစ်ထွန်းမှုကောင်းသော ပဲမျိုးရင်းဝင်တစ်မျိုးမျိုးကို စိုက်ပျိုးပြီး ပန်းစပွင့်ချိန်တွင် မြေထဲသို့ ထယ်ထိုးထည့်ပေးခြင်း (Green Manuring- သစ်စိမ်းမြေသြဇာကျွေးခြင်း)၊ ရေသွင်းနည်းစနစ်တွင်  အပေါ်ယံမြေမျက်နှာပြင်ကို အမြဲစိုစွတ်နေစေသော ရေဖျန်းစနစ် (Sprinkler) နှင့် အစက်ချစနစ် (Drip irrigation) များအား အသုံးပြုခြင်းအားဖြင့် အငွေ့ပျံနှုန်းကို လျော့ချ ပေးနိုင်ပါတယ်။

၂။ မြေအောက်ရေမျက်နှာပြင် နိမ့်ကျစေခြင်း

မြေအောက်ရေလာရာလမ်းများ ပိတ်ထားခြင်း၊ ရေနှုတ်မြောင်းများ စနစ်တကျတူး၍ ရေထုတ်ခြင်း၊ ရေကို လိုအပ်သည်ထက်ပို၍ မသွင်းရန် အရေးကြီးပါတယ်။

၃။ ရေအရည်သွေး မကောင်းခြင်းကို လျော့နည်းစေခြင်း-

ဆားပါဝင်မှုများသောရေကို မဖြစ်မနေ ပေးသွင်းရမည်ဆိုပါက ရေကောင်းနှင့်တွက်ချက်၍ ရောစပ်အသုံးပြုခြင်း၊ တွက်ချက်ရာတွင်လည်း ဖြည့်စွက်ရေအဖြစ်သာအသုံးပြုခြင်း၊ မိုးရေဖြင့် ဆေးကြောခြင်း၊ ဆားငန်ရေ မဝင်ရောက်စေရန် တမံတုတ်တားဆီးခြင်း နှင့် တာပတ်ခြင်းတို့ကို လုပ်ဆောင်ပေးရပါမယ်။

ဆားပေါက်မြေအား အာဟာရစီမံခန့်ခွဲခြင်း

မြေမှုန်တွင်ကပ်ညှိနေသော ဆိုဒီယမ်(Na)ကို ဖလှယ်ထုတ်နိုင်ရန် ကယ်လ်ဆီယမ် (Ca) ပါဝင် သော မြေသြဇာမျိုး (ကျောက်မှုန့်) ကို အသုံးပြုရန်လိုအပ်ပါသည်။ မြေကြီးတွင် တွယ်ကပ်နေသော ဆိုဒီယမ်(Na) ကို   ကယ်လ်ဆီယမ်ဖြင့် ဖလှယ်ထုတ်ပြီး လွတ်ထွက်လာသော ဆား(ဆိုဒီယမ်)တွေကို စိုက်ပျိုးမြေထဲမှ ရေသွင်း/ရေထုတ် ပြုလုပ်၍ ဖယ်ရှားပစ်ရန် လိုအပ်ပါသည်။ ဆိုဒီယမ်ဖလှယ်ရာတွင် ထည့်သွင်းရမည့်ပမာဏ၏ (၇၅ %) ကို ပြုပြင်လိုသော မြေအနက်ထိ ရောက်ရှိအောင်ထည့်ပေးပြီး ကျန်သည့် (၂၅%) ကို မြေ၏အပေါ်ယံကို ကြဲပက်၍ ထွန်ပါးပါးဝင်ပေးရန် လိုအပ်ပါသည်။ တစ်ဧကတွင် ကျောက်မှုန့် တစ်တန် အသုံးပြုလျှင် သွင်းရေတစ်ဧကပေ (၄၃၅၆၀ စတုရန်းပေကို လုံလောက်သော ရေတစ်ပေပမာဏ) လိုအပ်ပါသည်။ ထို့အတူ ရေနှုတ်မြောင်းကိုလည်း ကောင်းအောင် ကြိုတင်စီစဥ် ထားရန် လိုအပ်ပါသည်။ ဆားပေါက်မြေတွင် ကယ်လ်ဆီယမ် Ca (ထုံးဓာတ်) ပါဝင်မှုများသောမြေတွင် ကျောက်မှုန့် (Gypsum) အစား ကန့်မှုန့် (ဆာလ်ဖာ (S)) ကို အသုံးပြုဖို့ လိုအပ်ပါသည်။ ဆာလ်ဖာသည် ကျောက်မှုန့်ထက်အာနိသင် (၅)ဆ ပိုများပါတယ်။

မြေချဥ်ခြင်း နဲ့ သီးနှံအထွက်နှုန်းပေါ် အကျိုးသက်ရောက်မှု

စိုက်ပျိုးမြေရဲ့ မြေဆီလွှာပျော်ရည်ထဲမှာ ဟိုက်ဒရိုဂျင်အိုင်းယွန်း ပိုလျှံစွာပါဝင်ခြင်းကြောင့် မြေချဉ်ခြင်းကို ဖြစ်စေသည်။ မြေချဥ်ငန်ညွှန်းကိန်းကို တိုင်းတာကြည့်လျှင် Soil pH  7.0 အောက်နိမ့် သွားသော မြေကို မြေဆီလွှာချဥ်ခြင်း (အက်ဆစ်ဆန်သောမြေ) ဟု ခေါ်ပါသည်။ Soil pH တန်ဖိုး 5.5 အောက် နိမ့်ကျသွားပါက သီးနှံဖြစ်ထွန်းမှုကို ထိခိုက်နိုင်ပါသည်။

မြေချဥ်ခြင်းကြောင့်ဖြစ်ပေါ်စေသော အကျိုးသက်ရောက်မှု

  • သီးနှံပင် ကောင်းစွာရှင်သန်/ဖွံ့ဖြိုးနိုင်မှု မရှိခြင်း၊
  • မြေတွင်းရှိ သက်ရှိများ၊ အဏုဇီဝပိုးများရှင်သန်နိုင်မှု နဲ့ အလုပ်လုပ်နိုင်စွမ်းကို လျော့နည်းသွား စေခြင်း၊
  • အလူမီနီယမ် (Al) နှင့် မင်းဂနိ (စ်) (Mn) ဓာတ်တို့ပျော်ဝင်မှုများလာသောကြောင့် အလူမီနီယမ် နဲ့ မင်းဂနိ အဆိပ် သင့်မှုတို့ ဖြစ်ပေါ်စေခြင်း၊
  • ဖော့စ‌ဖောရပ်နှင့် မိုလီဒီနမ်တို့ ပျော်ဝင်မှုလျော့နည်းလာ၍ အပင်မှ မစားသုံးနိုင်တော့ခြင်း၊
  • ကယ်လ်စီယမ် (Ca)၊ မဂ္ဂနီစီယမ် (Mg)၊ ပိုတက်စီယမ် (K) တို့ပါဝင်မှုနည်းလာ၍ သီးနှံပင်အာဟာရ များ ချို့တဲ့မှုများ ဖြစ်ပေါ်လာခြင်း၊
  • အသုံးပြုသောပေါင်းသတ်ဆေး၊ နီမတုတ်သတ်ဆေးတို့၏ အာနိသင်များလျော့ကျ/ပျောက်ဆုံး စေခြင်း၊ စသည်တို့ကို ဖြစ်ပေါ်စေပါသည်။

မြေချဥ်ဓာတ်လွန်ကဲလာခြင်းကြောင့် မြေဆီလွှာအတွင်းရှိ အာဟာရများကို သီးနှံပင်မှပုံမှန် စားသုံး နိုင်မှု မရှိတော့၍ အပင်အာဟာရချို့တဲ့ခြင်း၊ ပိုလျှံလာသောအာဟာရများ အဆိပ်သင့်စေခြင်း တို့ကြောင့် သီးနှံပင်ဖြစ်ထွန်းမှုထိခိုက်စေပြီး အထွက်နှုန်းကို ထိခိုက်လျော့နည်းစေပါသည်။

မြေချဥ်စေသည့်အကြောင်းရင်းများနှင့် ပြုပြင်ခြင်း

မြေချဉ်စေသည့်အကြောင်းရင်းများ

  • မိုးရွာသွန်းမှုများသောဒေသများ၊
  • မိခင်ကျောက်သားတွင် H+ ဟိုက်ဒရိုဂျင်အိုင်းယွန်း၊ Al 3+ အလူမီနီယမ်အိုင်းယွန်းများစွာ ပါဝင်သောမိခင်ကျောက်သားမှ ဖြစ်ပေါ်လာသော မြေများ၊
  • မြစ်ဝကျွန်းပေါ် မြစ်ရေပုတ်ဝင်သောဒေသများ၊
  • အော်ဂဲနစ်သက်ရှိပစ္စည်းများ (တိရိစ္ဆာန်နှင့် အပင်များ) ဆွေးမြေ့မှုဖြစ်စဥ်မှ ထွက်လာသော အော်ဂဲနစ်အက်ဆစ်များ၊
  • အမိုနီယမ်ဓာတ် ဖြစ်ပေါ်စေသောဓာတ်မြေသြဇာများ နှင့် ဆာလ်ဖာပါသော ဓာတ်မြေသြဇာများကို အလွန်ကျွံအသုံးပြုခြင်း၊
  • စိုက်ပျိုးမြေအားနှစ်စဥ်ရာသီ မပြတ်စိုက်ပျိုးခြင်းနှင့် သီးနှံတစ်မျိုးထဲ ဆက်တိုက်စိုက်ပျိုးခြင်း စသည့် အကြောင်းရာများသည် မြေချဉ်ခြင်းကို ဖြစ်ပေါ်စေပါသည်။

မြေချဥ်ငန်ကိန်း Soil pH 5.5 အောက်နိမ့်ကျသောမြေဆီလွှာများကို အချဥ်ဓာတ်ချေဖျက်ရန် (pH တန်ဖိုးမြင့်တက် လာအောင်ပြုလုပ်ရန်) အလွယ်ကူဆုံးမှာ ဗေ့စ်ဓာတ်ပေါင်းများ ထည့်ပေးခြင်း အားဖြင့် ပြုပြင်ပေးနိုင်ပါသည်။ ဗေ့စ်ဓာတ်ပေါင်း အနေဖြင့် ထုံးကျောက်၊ မဖောက်ထုံး၊ ဖောက်ထုံး နှင့် ဒိုလိုမိုက်တို့ ကို အသုံးပြု၍ ပြုပြင်ပေးနိုင်ပါသည်။

သီးနှံမစိုက်ပျိုးမှီ (၃-၆)လ (အနည်းဆုံး တစ်လ) ကြိုတင်ထည့်ပေးရန် လိုအပ်ပါသည်။ မြေဆီလွှာတွင်း ပြန့်နှံ့သွားစေရန် ထယ်မထိုးမှီထည့်ပေးပြီး အပေါ်ယံ (၆-၁၂) လက်မအတွင်းပြန့်နှံ့စေရန် ထယ်မှောက် ပေးရပါမည်။ ထုံးထည့်ပြီး ကောင်းစွာထယ်ထိုး/ထွန်မွှေပေးရန်လည်း လိုအပ်သည်။ အသုံးပြုသော ထုံးသည် မှုန့်ညက်လျှင် ဓာတ်ပြုမှုပို၍မြန်စေပါသည်။ မြေချဥ်ငန်ကိန်း Soil pH ၁ ယူနစ်မြင့်တက်စေရန် မြေတစ်ဧကလျှင် ထုံးပမာဏ (၃၀၀-၆၀၀) ပိဿာ ထည့်ပေးရန်လိုအပ်ပါသည်။ မြေအမျိုးအစားပေါ် မူတည်ပြီး ထုံးထည့်ပေးရမည့် အကြိမ်နှင့်ပမာဏတို့ မတူညီနိုင်ပါ။

သဲဆန်သောမြေ– တစ်ကြိမ်လျှင်ပမာဏနည်းနည်းဖြင့် အကြိမ်ရေများများထည့်ပေးရန် လိုအပ်ပါသည်။

နုန်းမြေ၊ မြေစေးမြေ–   ပမာဏများများဖြင့် အကြိမ်ရေနည်းနည်း ထည့်ပေးနိုင်ပါသည်။

နေရာဒေသအခြေအနေ၊ မြေအမျိုးအစား၊ စိုက်ပျိုးမည့်သီးနှံ နှင့် မျိုးအလိုက် အပင်ဖြစ်ထွန်းရန် အတွက်သင့်တော်သော မြေချဥ်ငံကိန်းမတူညီနိုင်သကဲ့သို့ မြေချဥ်ခြင်းကိုပြုပြင်ရာတွင်လည်း ထည့်ပေး ရမည့် ထုံးပမာဏသည် သီးနှံတစ်မျိုးနှင့် တစ်မျိုး တုံ့ပြန်နိုင်မှုတို့ မတူညီနိုင်သဖြင့် ထည့်ပေးရမည့် ပမာဏလည်း မတူညီနိုင်ပါ။ လိုအပ်သောပမာဏထက် ပိုမိုထည့်မိပါက ဆိုးကျိုးသက်ရောက် စေနိုင်ပါတယ်။

မိမိ၏စိုက်ပျိုးမြေဆီလွှာအား ဓာတ်ခွဲစစ်ဆေး၍ ရရှိလာသောအဖြေအရ တတ်သိနားလည်သော ပညာရှင်တို့၏ညွှန်ကြားမှုအရ ထည့်ပေးခြင်း၊ ပြုပြင်ခြင်းသည်သာ ကောင်းမွန်ပါတယ်။