တောင်သူဦးကြီးများအနေဖြင့် ပဲတီစိမ်းကို
- မိုးကြိုပဲတီစိမ်း – ဖေဖော်ဝါရီလလယ် မှ မတ်လ
- မိုးပဲတီစိမ်း – မေလ မှ ဇွန်လ
- မိုးနှောင်း/ဆောင်းပဲတီစိမ်း – အောက်တိုဘာလလယ် မှ နိုဝင်ဘာလလယ် ဟူ၍ ရာသီ (၃) မျိုးလုံးတွင် စိုက်ပျိုးကြပါသည်။
ပဲတီစိမ်းသီးနှံကို အထက်မြန်မာပြည်တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့တွင် အဓိက စိုက်ပျိုးသော်လည်း ရေသွင်းနိုင်သောနေရာများတွင်လည်း မိုးကြိုပဲတီစိမ်းအဖြစ် စိုက်ပျိုးပါသည်။ မိုးကောင်းသောက်ဒေသများတွင် မိုးဦး နှင့် မိုးလယ်ရာသီတွင် ပဲတီစိမ်းသီးနှံ သီးသန့်အဖြစ်လည်းကောင်း၊ ဝါသီးနှံ၊ ပဲစဥ်းငုံ၊ ပြောင်းသီးနှံများနှင့် သီးညှပ်အဖြစ်လည်းကောင်း စိုက်ပျိုးလေ့ရှိကြသည်။မြန်မာပြည်အောက်ပိုင်းတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နှင့်၊ ဧရာဝတီတိုင်းတို့၌ မိုးစပါးအပြီး ဆောင်းပဲတီစိမ်း သီးထပ်အဖြစ် အဓိကစိုက်ပျိုးကြသည်။
- မြေရွေးချယ်ခြင်း
ပဲတီစိမ်းသီးနှံစိုက်ပျိုးမည့်မြေသည် မြေ၏ချဥ်ငန်ကိန်း(Soil PH) ၆.၅-၇.၀ သည် အကောင်းဆုံးဖြစ်ပါသည်။ ဆားငန်/ဆားပေါက်မြေ နှင့် မြေချဥ်ငန်ကိန်း ၅.၅ အောက်ရှိသော ချဥ်ကဲသောမြေမှ အပ မြေအမျိုးအစား မရွေးစိုက်ပျိုးနိုင်သည်။ မြေသားထူသည့်နုန်းမြေ နှင့် သဲနုန်းမြေတို့တွင် ပိုမိုဖြစ်ထွန်းပါသည်။
- မျိုးရွေးချယ်ခြင်း
ပဲတီစိမ်းကို စိုက်ပျိုးရန် မျိုးရွေးချယ်ရာတွင်
- အလင်းရောင်တုံ့ပြန်မှု မရှိသောမျိုးကိုရွေးချယ်ရန်
- သီးထပ်စိုက်ပျိုးရန် သက်တမ်းတိုသောမျိုးဖြစ်ရန်၊
- အပင်ပေါက် ရာခိုင်နှုန်း ၈၅ – ၉၀% ရှိရန် နှင့်
- အဝါရောင်မိုဇိတ် ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးသန့်မျိုးစေ့ဖြစ်ရန်တို့ ဖြစ်ပါသည်။
စိုက်ပျိုးရေးသုတေသနမှ မျိုးရွေးချယ်ထုတ်လုပ်ထားသော ရေဆင်းပဲတီစိမ်း (၁၁) နှင့် (၁၄)တို့သည် အဝါရောင်မိုဇိတ်ရောဂါကိုခံနိုင်ရည်ရှိသောမျိုးဖြစ်၍ ရာသီမရွေးစိုက်ပျိုးနိုင်သည်။ ရေဆင်း ပဲတီစိမ်း (၁၁)မျိုး၏ အရည်အချင်းလက္ခဏာများ
- အသက်ရက် ၅၅ – ၆၀ ရက်
- တစ်ဧကအထွက်နှုန်း ၂၀ -၂၅ တင်း
- အစေ့ စိမ်းဝါရောင်
- တစ်တောင့်လျှင် ၁၀ စေ့ပါသည်။
- အပင်ပုံသဏ္ဏာန် အနည်းငယ်ပြန့်ကား၊အပင်အမြင့် ၂ – ၂.၅ ပေ(ပင်ထောင်အမျိုးအစား)
- အစေ့ (၁၀၀)၏အလေးချိန် ၆.၅ ဂရမ်
- ရင့်မှည့်ချိန်ညီညာသည်။ ၂ ကြိမ်ဆွတ်ခူးရာတွင် ၇၅% ပထမအကြိမ် ခူးနိုင်သည်။
ရေဆင်းပဲတီစိမ်း(၁၄) မျိုး၏ အရည်အချင်းလက္ခဏာများ
- အသက်ရက် ၆၀ – ၆၅ ရက်
- တစ်ဧကအထွက်နှုန်း ၂၅ – ၃၀တင်း
- အစေ့ စိမ်းရွှင်ရောင်
- တစ်တောင့်လျှင် ၁၀_၁၂ စေ့
- အစေ့(၁၀၀)အလေးချိန်၆.၀ ဂရမ်
- ပင်ယောင်နွယ်ရောင်အမျိုးအစားဖြစ်သည်။
စိုက်နည်းစနစ်
- တစ်ဧက အပင်ဦးရေ ပြည့်မှီစေရန် စိုက်ပျိုးပါ။
- မျိုးစေ့များကို ပဲမြစ်ဖုဇီဝမြေသြဇာ(အညွှန်းပါအတိုင်း) နှင့်လူးနယ်စိုက်ပျိုးပါ။
- မစိုက်မှီ သဘာဝမြေသြဇာဖြစ်သော နွားချေးကို ထည့်ပါ။
- မြေခံမြေသြဇာကို NPK ညီညွှတ်မျှတစေရန်ထည့်ပေးပါ၊။
- ရေလိုအပ်ပါက ပန်းမပွင်မီနှင့် သီးတောင့်ဖြစ်ထွန်းချိန်များတွင် ရေသွင်းပေးပါ။
အပင်ပြုစုခြင်း
- ပေါင်းမြက်များစီမံခန့်ခွဲမှု
စိုက်ပျိုးပြီးနောက် ရက် (၃၀) ခန့်အတွင်း ပေါင်းမြက်များကို ရှင်းလင်းပေးသင့်ပါသည်။ ပေါင်းမြက် များရှင်းလင်းခြင်းအားဖြင့် ရောဂါပြန့်ပွားစေနိုင်သည့် အရင်းအမြစ်များထိန်းချုပ်မှုအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။
- ပိုးမွှားနှင့်ရောဂါထိန်းချုပ်မှု
ယင်ဖြူ၊ ပင်စည်ထိုးပိုး၊ ပျ နှင့် အဝါရောင်မိုဇိတ်ရောဂါ၊ သံချေးရောဂါ ကဲ့သို့သော ပိုးမွှားများနှင့် ရောဂါများကြောင့်ဖြစ်နိုင်သော အပင်ပျက်စီးမှုကို လျော့ချရန် ခံနိုင်ရည်ရှိသော မျိုးကွဲများကို ရွေးချယ် အသုံးပြုသင့်ပါသည်။ အပင်များ စိုစွတ်နေချိန်အတွင်း ပေါင်းမြက်ဖယ်ရှားခြင်းကို ရှောင်ကြဉ်ခြင်း သည် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်စေပါသည်။ - ရိတ်သိမ်းမှုနှင့်သိုလှောင်မှု
သီးထောင့်များ၏ ၈၅ % ခန့် အနက်ရောင်ပြောင်းလာချိန်တွင် ရိတ်သိမ်းရန်သင့်တော်ပါသည်။ ရိတ်သိမ်းပြီးနောက် မျိုးစေ့များကို သန့်စင်အောင် ပြုလုပ်ပြီး အမျိုးအစားခွဲခြားသတ်မှတ်၍ မျိုးစေ့၏အစိုဓာတ် ၁၂ % အထိ အခြောက်ခံပြီး သိမ်းဆည်းထားသင့်ပါသည်။

