အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit) ပိုတက်ဆီယမ်အာဟာရသည် အပင်မှ ပမာဏများစွာလိုအပ်သော အာဟာရတစ်မျိုး ဖြစ်ပါသည်။ သီးနှံပင်၏ အရည်အသွေး (အရောင် အဆင်း၊ အနံ့၊ အရသာ၊ အရွယ်အစား)ကို ကောင်းမွန်စေသည်။ ကြာရှည် သိုလှောင်ခံနိုင်မှု အရည်အသွေး ကို တိုးတက်စေသည်။ အချိုဓာတ်ပါဝင်မှုကိုလည်း တိုးစေပါသည်။သီးနှံပင်သည် ရေငတ်ဒဏ်၊ ရာသီဥတုဒဏ်၊ ပိုးမွှား/ရောဂါကျရောက်မှုဒဏ်တို့ကို ခံနိုင်ရည်ရှိစေပါသည်။ အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form) ပိုတက်ဆီယမ်အာဟာရသည် မြေကြီးတွင်း ရွေ့လျားနိုင်သော အာဟာရဖြစ်ပါသည်။ အပင်မှ အိုင်ရွန်းနှစ် (K+) ပုံစံဖြင့် ပိုတက်ဆီယမ်အာဟာရကို စုပ်ယူပါသည်။ စျေးကွက်တွင် (MOP)၊ (SOP) နှင့် ပိုတက်ဆီယမ် နိုက်ထရိတ်ပုံစံတို့ကို အဓိက တွေ့ရပါသည်။ ရွေ့လျားနိုင်မှု (Mobility) ပိုတက်ဆီယမ်သည် မြေကြီးတွင် ရွှေ့လျားနိုင်ပြီး အပင်တွင်းတွင်လည်း ရွေ့လျားနိုင်သော အာဟာရတစ်မျိုးဖြစ်ပါသည်။ မြေကြီးရှိရေတွင် ပျော်ဝင်သွားပြီး အပင်အမြစ်မျက်နှာပြင်သို့ရောက်ရှိကာ အပင်မှစုပ်ယူသွားပါသည်။ ပိုတက်ဆီယမ်ချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom) ပိုတက်ဆီယမ် ချို့တဲ့လျင် အရွက်အနားများတွင် နီညိုရောင် အစက်အပြောက်များ ဖြစ်ပေါ်လာကာ အရွက်အနားများ ခြောက်သွေ့လာပါသည်။ အပင်၏ အောက်အရွက်များ (အရွက်ရင့်များ) တွင် ပိုမိုဆိုးဝါး ကြောင်းတွေ့ရသည်။အပင်ကြီး ထွားနှုန်းကို နှေးစေ၍ အမြစ်နှင့်ပင်စည် အရွယ်စားကိုသေးငယ်စေပါသည်။အသီး၊ အစေ့ ကြုံလှီသေးငယ်စေပါသည်။ရောဂါကျရောက်မှု ခံနိုင်ရည်မရှိပါ။ သီးနှံပင်၏ အထွက်နှုန်း သိသာစွာလျော့ကျစေသည်။ ပိုတက်ဆီယမ်ချို့တဲ့မှုကို ကုစားနည်း (Management of Deficiency) သဘာဝမြေသြဇာ(နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး) ထည့်ပေးပါ။ စပါးခွံဖွဲပြာ၊ သီးနှံပင် အကြွင်းအကျန်များကို ပြန်ထည့်ပေးပါ။ ပိုတက်ဆီယမ်ပါဝင်သော မြေသြဇာများကို (ဥပမာ- ပိုတက် ၆၀%) ထည့်ပါ။ အထွက်ကောင်းမျိုးများစိုက်ပျိုးပါက ပိုတက်မြေသြဇာများကို ပို၍ထည့်ပေးပါ။မြေကြီးတွင် ထည့်ကျွေးပေးနိုင်သလို ပိုတက်ဆီယမ်ပါဝင်သော ရွက်ဖျန်းကိုလည်း အသုံးပြုပေးနိုင်ပါသည်။ ပိုတက်ဆီယမ်ကျွေးရာတွင် အမိုနီယမ်၊ ကယ်လ်ဆီယမ် တို့ကို ဂရုတစိုက်ကျွေးပေးရန် လိုအပ်ပါတယ်။