အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit) ဆာလ်ဖာအာဟာရသည် သက်ရှိဆဲလ်များတွင် ရှိနေပြီး အမိုင်နိုအက်စစ်နှင့် ပရိုတင်း ချက်လုပ်ဖို့အတွက် လိုအပ်ပါသည်။ ဆာလ်ဖာသည် ကလိုရိုဖီး ဖြစ်ပေါ်ဖို့အတွက် အရေးကြီးသော အာဟာရဖြစ်ပါသည်။ ပဲသီးနှံများအတွက် နိုက်ထရိုဂျင် ဖမ်းယူရန်အတွက် လိုအပ်ပါသည်။ အနံ့ရှိသော သီးနှံများဖြစ်သည့် ကြက်သွန်ဖြူ၊ မုံညင်းနှင့် ကြက်သွန်တို့တွင် အနံ့ဖြစ်စေသော သက်ရှိကွန်ပေါင်းများစွာတွင် ဆာလ်ဖာပါဝင်ပါသည်။ မျိုးစေ့ထုတ်လုပ်ခြင်းအတွက်လည်း အရေးကြီးပါသည်။ အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form) တခြားသော ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်အာဟာရများနှင့်မတူဘဲ ဆာလ်ဖာအာဟာရကို SO₄²⁻ အနုတ်အိုင်းရွန်းပုံစံဖြင့် အပင်က စုပ်ယူပါသည်။ ထို့အပြင် အရွက်အတွင်း ဆာလ်ဖာဒိုင်အောက်ဆိုဒ် အနေဖြင့် အပင်တွင်း ဝင်ရောက်နိုင်ပါသည်။ ရွေ့လျားနိုင်မှု (Nutrient Mobility) ဆာလ်ဖာသည် မြေကြီးအတွင်း ရွေ့လျားနိုင်ပြီး သဲဆန်သောမြေတွင် မိုးရေ သွင်းရေနှင့်အတူ ဆာလ်ဖာအာဟာရများ အလွယ်ကူ ဆုံးရှုံးနိုင်ပါသည်။ ဆာလ်ဖာချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom) ဆာလ်ဖာ ချို့တဲ့မှုလက္ခဏာကို အရွက်နုများပေါ်တွင်စတင်တွေ့နိုင်သည်။ ဆာလ်ဖာသည် နိုက်ထရိုဂျင်ကဲ့သို့ အပင်တွင်းရွေ့လျားမှုမမြန်ပါ။အရွက်အစိမ်းဖျော့ရောင်မှ စိမ်းဝါရောင်သန်းကာ တစ်ပင်လုံးဝါသွားသည်။ (N ချို့တဲ့မှုနှင့်ဆင်တူသော်လည်း အဝါရောင်ဖျော့သည်။) သီးနှံရင့်မှည့်မှုကို ၁_၂ ပတ်အထိနောက်ကျစေနိုင်သည်။ ပဲသီးနှံတွင်မြစ်ဖုဖြစ်ထွန်းမှုနောက်ကျစေ၍ N-fixationလေထဲမှ နိုက်ထရိုဂျင်ဖမ်းယူနိုင်မှု လျော့နည်းစေသည်။ ဆီထွက်သီးနှံတွင် အထွက်နှုန်းလျော့စေပြီး အစေ့တွင်ဆီပါဝင်မှုနည်းစေသည်။ အသီးရင့်မှည့်မှုမပြည့်စုံဖြစ်စေသည်။ ရင့်မှည့်မှုနောက်ကျစေသည်။ ဆာလ်ဖာချို့တဲ့မှုကို ကုစားနည်း (Management of Deficiency) ဆာလ်ဖာပါသောမြေသြဇာမျိုးကို ထည့်ပေးပါ (ကျောက်မှုန့်၊ အမိုနီယမ်ဆာလ်ဖိတ်၊ စူပါဖော့စဖိတ်၊ အမိုနီယမ်ဆာလ်ဖိတ်)။ ကျောက်မှုန့်ထည့်ပေးလျှင် မြေပြင်ချိန်မစိုက်ပျိုးမှီ မြေနှင့် သမနှံ့စပ်အောင် ထည့်ပေးဖို့ လိုအပ်ပါတယ်။ သီးနှံအကြွင်းအကျန်များ၊ ကောက်ရိုးများကို မီးမရှို့ဘဲ ဆွေးမြေ့အောင် ပြုလုပ်ပေးပြီး စိုက်ခင်းတွင်းပြန်ထည့်ပေးပါ။ သဘာဝမြေသြဇာထည့်ပေးပါ။