၁။ မူရင်းဒေသ

ကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါလက်စတိုင်းတို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စီးပွားဖြစ်အဓိကစိုက်ပျိုးသည့်ဒေသများမှာ မြေလတ်ဒေသများဖြစ်သော ပခုက္ကူ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ တောင်တွင်းကြီး (မကွေးတိုင်း)၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ တောင်သာ၊ မြစ်သား၊ ကျောက်ဆည် (မန္တလေးတိုင်း) နှင့် စစ်ကိုင်းတိုင်းဒေသကြီး၏ အချို့သော ဒေသများတို့တွင် စိုက်ပျိုးကြပါသည်။

၂။ ကြက်သွန်နီမျိုးများ

ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံး နှင့် မင်းတုံးဥမွှာမျိုးတို့ဖြစ်ပြီး ‌ဒေသအလိုက် အများဆုံး စိုက်ပျိုးသောမျိုးမှာ ရွှေဖလားမျိုးဖြစ်ပါသည်။

၃။ မြေအမျိုးအစား

မြေအမျိုးအစားမှာ အစိုဓာတ်ရှိသော မြေအတော်များများတွင် စိုက်ပျိုးနိုင်ပါသည်။ အလွန်ချဉ်သောမြေကို မနှစ်သက်ပါ။ ထို့ကြောင့် အောက်မြန်မာပြည်တွင် စိုက်ပျိုးမှု နည်းပါးပါသည်။ မြေသြဇာကောင်းမွန်ထက်သန်သောနုန်းမြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။ ရေသွင်းရေထုတ် ကောင်းမွန်သောမြေကို နှစ်သက်ပါသည်။ ကြိုက်နှစ်သက်သော မြေချဉ်ငံကိန်းမှာ ၆ မှ ၇ အထိ ဖြစ်ပါသည်။

၄။ မြေပြုပြင်ခြင်း

ကြက်သွန်နီသည် ပြောင်းရွှေ့စိုက်ပြီးချိန်မှစ၍ ကြီးထွားမှု နှေးသောသီးနှံဖြစ်၍ ပေါင်းမြက် မနိုင်လျှင် တစ်ခင်းလုံး ပျက်စီးတတ်သောကြောင့် မြေပြုပြင်ချိန်တွင် ပေါင်းမြက်များကို ကြိုတင် နှိမ်နင်း ထားရန်အတွက် ထယ်အကြိမ်ကြိမ်ထိုး၍ ထွန်ရေးညက်အောင် ပြုပြင်ရပါမည်။ မြေပြုပြင်စဉ် သဘာဝမြေဩဇာ (နွားချေး/အမှိုက်ဆွေး) များကို များများထည့်သွင်းပေးရန် လိုအပ်ပါသည်။

၅။ ရာသီဥတု နှင့် စိုက်ပျိုးချိန်များ

ကြိုက်နှစ်သက်သောရာသီမှာ အပူအအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မိုးကြက်သွန်နီ (ဥစိုက်)ကို သြဂုတ်လ-စက်တင်ဘာလတွင် စိုက်ပျိုးပြီး နိုဝင်ဘာလ-ဒီဇင်ဘာလတွင် ရိတ်သိမ်းပါသည်။ ဆောင်းကြက်သွန်နီ (အစေ့ပျိုးစိုက်)သည် နိုဝင်ဘာလ-ဒီဇင်ဘာလတွင် စိုက်ပျိုးပြီး မတ်လ – ဧပြီလတွင် ရိတ်သိမ်းပါသည်။

၆။ ပျိုးထောင်ခြင်း နှင့် စိုက်ပျိုးခြင်း

အစေ့မှပျိုးထောင်၍ ပြောင်းရွှေ့စိုက်ပျိုးခြင်းကို အများဆုံးပြုလုပ်ကြပါသည်။ မျိုးစေ့နှုန်:ထားမှာ တစ်ဧကအတွက် မျိုးစေ့ (၂)  ပြည်မှ (၄) ပြည်ခန့် လိုအပ်ပါသည်။ မြေပြန့်ဒေသများတွင် အောက်တို ဘာလမှ နိုဝင်ဘာလလယ်အထိ ပျိုးထောင်ပါသည်။ မျိုးစေ့များကို ညီညာစွာ ကြဲပက်၍ လည်းကောင်း၊ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက်သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ စိုက်ပြီးသော မျိုးစေ့များကို အညှောက်မြေပေါ်ထွက်လွယ်စေရန် နွားချေးမှုန့်ပါးပါးဖြူး၍ သဲကြမ်းဖြင့် ပြန်လည် ဖုံးအုပ်ပေးပါ။ အပင်ပေါက်ညီညာစေရန် ကောက်ရိုး (သို့မဟုတ်) မြက်ခြောက်များဖြင့် ဖုံးအုပ်ပေးရပါ မည်။ ပျိုးပင်ပြုစုခြင်းသည် ပျိုးသက် တစ်လ ခန့်ရှိလျှင် ယူရီးယားဓာတ်မြေဩဇာကို အနည်းငယ် ထည့်ပေးနိုင်ပါသည်။ ပျိုးပင်ကလေးများသည် ၄ ပတ်မှ ၆ ပတ် သားအရွယ်၊ ပျိုးပင်၏ အရင်း အနည်းငယ် ကြီးလာပါက ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။

၇။ အပင်ပြုစုခြင်း

မြေပြင်ပြီးပါက ဘောင်စနစ် (သို့မဟုတ်) ကန်သင်းဖော်စနစ်ဖြင့် စိုက်ပျိုးနိုင်ပါသည်။ ပင်ကြား/ တန်းကြား အကွာအဝေးမှာ ၃/၄ လက်မခန့် မှ ၄/၅ လက်မ ခန့်အထိ စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် အပင်ဦးရေ ၂ သိန်းခွဲမှ ၃ သိန်း အထိ ဝင်ဆန့်အောင် စိုက်ပျိုးရပါမည်။ ကြက်သွန်နီသည် ပေါင်းမြက် မနိုင်လျှင် တစ်ခင်းလုံး ပျက်စီးတတ်သောကြောင့် ပေါင်းမြက်ကို အဓိကထား၍ ရှင်းလင်းရပါမည်။ ကြက်သွန်နီအမြစ်သည် မြေအပေါ်ယံတွင်သာရှိသောကြောင့် အရွက်များ စတင်ကျချိန်တွင် ပေါင်းရှင်းရန် မလိုအပ်တော့ပါ။

၈။ မြေသြဇာထည့်ပေးခြင်းနှင့် ရေပေးသွင်းခြင်း

ကြက်သွန်နီသည် လိုအပ်သောအာဟာရများ လုံလောက်စွာရရှိမှသာ အပင်ဖြစ်ထွန်းမှု ကောင်းစေပြီး ပေါင်းနှင့် ယှဥ်ပြိုင်နိုင်စွမ်းကောင်းမည်ဖြစ်ပါသည်။ ကြက်သွန်နီ စိုက်ပျိုးရန် မြေပြင်စဥ်ကပင် မြေခံမြေသြဇာအဖြစ် အဓိကအရေးကြီး အာဟာရဓာတ်များဖြစ်သော နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်(NPK)တို့ ပြည့်စုံလုံလောက်စွာပါဝင်သောဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ တို့ကို ညီညွတ်မျှတစွာ ထည့်ပေးရန်လိုအပ်ပါသည်။ အထူးသဖြင့် ကြက်သွန်အဖြူ၊ ကြက်သွန်အနီ၊ မုန်ညင်းတို့ စိုက်ပျိုးရာတွင် ဆာလ်‌ဖာအာဟာရဓာတ်ပါဝင်သောမြေသြဇာတို့ ထည့်ပေးရန် လိုအပ်ပါသည်။

ရေပေးသွင်းရန်အတွက် ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အနေအထားတွင် အမြဲရှိရန် လိုအပ်ပါသည်။ ပုံမှန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ရေပေးသွင်းရသည်။ ရာသီပူပါက ၄ ရက်မှ ၅ ရက်ခြား တစ်ကြိမ် ပေးသွင်းနိုင်ပါသည်။ အရွက်များ စတင်ကျလာချိန်တွင် ရေပေးသွင်းခြင်းကို ရပ်လိုက်ရပါမည်။

၉။ ပိုးမွှား၊ရောဂါကျရောက်ခြင်းနှင့်ကာကွယ်နှိမ်နင်းခြင်း

 အပင်မှရေမလိုအပ်ဘဲ ရေပေးသွင်းခြင်းသည် ကြက်သွန်ပင်ကို ရောဂါကျရောက်စေပါသည်။ သရစ်ပိုး၊ ပျပိုးနှင့် ကြက်သွန်ဒေါင်းနီးမှိုရောဂါတို့ ကျရောက်တတ်သောကြောင့် သင့်လျော်သော ပင်လုံးပြန့်ပိုးသတ်ဆေး သို့မဟုတ် မှိုသတ်ဆေး ဖြင့် ကာကွယ်နှိမ်နင်းသင့်ပါသည်။

၁၀။ ရိတ်သိမ်းခြင်း

ကြက်သွန်အမြိတ်စားအတွက်စိုက်ပျိုးပါက ကြက်သွန်ဥအရွယ်အစားခဲတံလုံးခန့်ရှိလျှင် လက်ဖြင့် ဆွဲနှုတ်ယူနိုင်သည်။ ကြက်သွန်နီဥအတွက်စိုက်ပျိုးပါက အရွက်များ၏ ၁၅% မှ ၂၅% ခန့် ခြောက်သွေ့ သွားသည့် အချိန်တွင် စတင်ရိတ်သိမ်းနိုင်သည်။ ဤအဆင့်၌ ကြက်သွန်ဥများကို လက်ဖြင့်အလွယ်တကူ ဆွဲနုတ်နိုင်ပါသည်။

ရိတ်သိမ်းခြင်းကို အရွက်အားလုံး လုံးဝခြောက်သွေ့သွားသည်အထိ နောက်ကျမှ ပြုလုပ်ပါက၊ ဥများသည် အမြစ်အသစ်များ ပြန်လည်ထွက်ရှိလာမည်ဖြစ်သောကြောင့် လက်ဖြင့် ဆွဲနုတ်ရန် ခက်ခဲစေပါသည်။ အမြစ်များ အလွန်အကျွံ ထွက်လာသော ဥများသည်လည်း ဈေးကွက်တွင် ရောင်းတမ်း ညံ့ သွားစေနိုင်ပါသည်။ ရိတ်သိမ်းပြီးနောက် အရွက်များကို ချက်ချင်း ဖြတ်တောက်ခြင်း မပြုရပါ။ ရိတ်သိမ်းပြီးနောက် အရွက်များကို ချက်ချင်းမဖြတ်ဘဲ နေလှန်းထားခြင်းသည် ကြက်သွန်ဥ၏ အရည်အသွေးနှင့် သိုလှောင်မှုအားကို မြှင့်တင်ပေးသည့် အရေးကြီးဆုံး လုပ်ငန်းစဉ် ဖြစ်ပါသည်။