အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit)

ကယ်လ်ဆီယမ် အာဟာရသည် အမြစ်နှင့် အရွက်ကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးနိုင်ပါသည်။
ထို့အပြင် တခြားသော အာဟာရဓာတ်များ စုပ်ယူမှုနှင့် လှုပ်ဆောင်ချက်များအပေါ် ကောင်းမွန်တဲ့အကျိုးသက်ရောက်စေပါသည်။
ဆဲလ်နံရံ တည်ဆောက်မှု ကိုဖြစ်စေသော ကွန်ပေါင်းဖြစ်ပေါ်မှုကို ကူညီပေးနိုင်ပြီး အပင်တောင့်တင်းခိုင်မာစေပါသည်။
ကယ်လ်ဆီယမ် အာဟာရသည် အမြစ်ကြီးထွားမှုကို ကောင်းမွန်စေခြင်း၊ အဏုဇီဝသက်ရှိများ၏ လုပ်ဆောင်မှုကို လှုံ့ဆော်ပေးခြင်း၊
မော်လီဒီနမ် အာဟာရကိုရရှိစေခြင်းဖြင့် အပင်အထွက်နှုန်းကို သွယ်ဝိုက်သောနည်းအားဖြင့် တိုးစေပါသည်။

အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form)

အပင်သည် ကယ်လ်ဆီယမ်ကို Ca+ အိုင်းရွန်းပုံစံဖြင့် စုပ်ယူပါသည်။
ကယ်လ်ဆီယမ်ရရှိနိုင်သော အရင်းမြစ်များမှာ ဂျစ်ပဆမ်၊ ဒိုလိုမိုက်နှင့် ထုံးတို့ ဖြစ်ပါသည်။

ရွေ့လျားနိုင်မှု (Nutrient Mobility)

ကယ်လ်ဆီယမ်သည် အပင်တွင်းရှိရေနှင့်အတူ ‌ရေကြောအတိုင်းရွေ့လျားပါသည်။
ထို့ကြောင့် ကယ်လ်ဆီယမ်စုပ်ယူမှု သည် ပင်ငွေ့ပျံ့သည့်နှုန်းနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။
စိုထိုင်းဆမြင့်သည့်အခြေနေ၊ အေးသည့်အခြေနေနှင့် ပင်ငွေ့ပျံ့နှုန်းနှေးသည့် အခြေနေတို့တွင် ကယ်လ်ဆီယမ်ချို့တဲ့မှုကို ဖြစ်စေပါသည်။
ဆားငန်သည့်မြေများတွင် အပင်မှ ရေစုပ်ယူမှုလျော့နည်းသည့်အတွက် ကယ်လ်ဆီယမ် ချို့တဲ့မှု ဖြစ်စေပါသည်။

ကယ်လ်ဆီယမ်ချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom)

အရွက်နုများတွင်တွေ့ရသည်။
အရောင်မညီကွက်ကြားများ၊ ဆဲလ်သေကွက်များပေါ်လာ၍ ရွက်နုထိပ်ဖျားများ လိပ်သွားခြင်းကို တွေ့ရပြီး ပြင်းထန်ပါကဖြူသွားသည်။
Ca ချိူ့တဲ့မှုပြင်းထန်သောအခြေအနေမှသာ ချို့တဲ့မှုလက္ခဏာ ကို မြင်တွေ့နိုင်ပါသည်။
အရွက်နားတစ်လျှောက် ဆဲလ်သေများပျံ့နှံ့လာကာ အညိုရောင်ပြောင်းသွားသည်။
အမြစ်ကြီးထွားမှုကို ထိခိုက်စေပါသည်။
အပင်ကြီးထွားမှုရပ်တံ့စေပြီး ချုံပုတ်ပုံသဏ္ဏာန် ဖြစ်ပေါ်စေသည်။
အပွင့်၊သီးကင်းတို့ကို ကြွေစေသည်။
အသီးတင်မှု နည်းစေသည်။
အသီးဆဲလ်အမှေးပါးပျက်ဆီးစေ၍ မူမမှန်လက္ခဏာ အသီးထိပ်ပုပ်နာဖြစ်စေသည်။
အစေ့၊အဆန်တို့၏အရည်အသွေးကျဆင်းစေသည်။

ကယ်လ်ဆီယမ်ချို့တဲ့မှုကို ကုစားနည်း (Management of Deficiency)

သီးနှံမစိုက်ပျိုးမှီ မြေပြင်ချိန်တွင် သဘာဝမြေသြဇာထည့်ပေးခြင်း၊ ကယ်လ်စီယမ်ပါသော ဂျစ်ပဆန်မြေသြဇာ၊ ဒိုလိုမိုက် ကဲ့သို့သော မြေသြဇာများကိုထည့်ပေးနိုင်ပါသည်။
ချို့တဲ့မှုချက်ခြင်းကုသနိုင်ရန် ကယ်လ်ဆီယမ်ပါဝင်သော ရွက်ဖျန်းမြေသြဇာတို့ကို အသုံးပြုပေးနိုင်ပါသည်။